သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | Sep 16, 2024

အညာမြေသို့ ခရီးတစ်ခေါက်

          “လောကကြီးမှာ မမျှော်လင့်သော အရာတို့သည် ဖြစ်တတ်ကြလေရာ အံ့ဩစရာ မဟုတ်ဘဲ………

ဖြစ်လာမှသာလျှင်၊ ဪ….ငါဖြစ်လာပါပကောဟု အံ့ဩရလေတော့သတည်း…..”

          လွန်ခဲ့သောနှစ်ပေါင်း ၄၄ နှစ်၊ စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘဝ၊ မြန်မာစာ အချိန်တိုင်း နဝဒေးခန်းမအတွင်းသို့ ခြေလှမ်းကျဲကြီးများနှင့် လှမ်းဝင်လာရင်း အောင်မြင် ခန့်ညားသော အသံဖြင့် ရေရွတ်ပြတတ်သည့် ကျွန်တော်တို့၏ မြန်မာစာဆရာ ဗိုလ်ကြီး အုန်းကြွယ်၊ ဆရာ၏ အရပ်ရှည်ရှည် ခါးနွဲ့နွဲ့သဏ္ဍာန်၊ ကွမ်းတမြုံ့မြုံ့ ဝါးဟန်တို့ကို အမှတ်ရမိ သကဲ့သို့ သူရေရွတ်ခဲ့သည့် အထက်ပါစကားစုတို့သည်လည်းပဲ ကျွန်တော့်ဘဝ တစ်သက်တာ ရင်ထဲမှာ တွဲခိုလိုက်ပါလာခဲ့သည်။ ယခုတော့ ဤစကားစုတို့ကို သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) ၌ ပြန်လည်ရေရွတ်ပြခွင့် ရခဲ့ပါပြီ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရလိမ့်မည်ဟူ၍ လည်းကောင်း၊ ထိုဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများအား စကားပြောခွင့်၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား အားပေးနှုတ်ဆက်ခွင့် ရလိမ့်မည်ဟူ၍လည်းကောင်း၊ ဘယ်သောအခါကမျှ ကျွန်တော် ထင်မှတ်မထားခဲ့ပါ။ ယခု‌တော့ ရောက်ခဲ့ရပါပြီ။ ဇေယျာ ကမ်းအလှပန်းချီ စစ်ကိုင်းဌာနီ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ကျောင်းတော်သာ ဆီသို့။

           ကျောက်ဆည်မြို့ရှိ မိခင်တပ်ရင်းတွင် ၇ နှစ်နီးပါမျှ တာဝန်ထမ်းဆောင်ခဲ့ရသော ကျွန်တော့်အဖို့ မန္တလာမြေသည် တစိမ်းမဆန်ခဲ့ပါ။ သို့တစေ အညာဒေသ၏ အငွေ့အသက် များက ကျွန်တော့်စိတ်ကို ပြန်လည်လန်းဆန်း နိုးထစေခဲ့သည်ကတော့ အမှန်ပင်။ ထိုနေ့ ခရီးစဉ်တွင် ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းတို့ လိုက်ပါလာခဲ့ကြသည်။ မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းမှာ စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ကြသည်။ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်သည်။ မေလ ၁၂ ရက်နေ့ကတည်းက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ် သင်ကြားနေကြပြီဖြစ်ရာ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့် သန်လျင်)၊ သမဝါယမကောလိပ် (မန္တလေးနှင့် ဖောင်ကြီး) တို့သည်လည်း လှုပ်ရှားသက်ဝင်နေကြပြီ ဖြစ်သည်။ အဓိကအလေးထား မှာကြားမိသည်ကတော့ တက္ကသိုလ်ပရဝုဏ်အတွင်းသို့ ပြန်လည်ရောက်ရှိလာကြသော သားငယ် သမီးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်စေဖို့၊ နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့၊ ဆရာ၊ ဆရာမများက Guardian စနစ်ဖြင့် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက် ပေးကြရန်၊ မိမိတို့ကိုယ်တိုင်လည်း ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်များ အကောင်အထည်ပေါ်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်လိုက်သော ထောက်ပံ့ ငွေများကိုလည်း ပေးအပ်ခဲ့ပါသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့်သာ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့ရသော ကျွန်တော်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်၊ သမဝါယမကောလိပ်များနှင့် ရေစက်ဆုံလာသောအခါ ထိုတက္ကသိုလ်ကောလိပ် များထံမှ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို တွေ့လာရသည်။ သင်ကြားပေးသော ဘာသာရပ်များကို စိတ်ဝင်စားသည့်အပြင် ပေါင်းကူးစနစ်တစ်ခုကို ချိတ်ဆက်ထားကြောင်း လည်း တွေ့ရသည်။

သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ

          ယခင်က သမဝါယမသင်တန်းကျောင်းအမည်ဖြင့် ဖွင့်လှစ်ခဲ့သော တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင် ကျောင်းများကိုလည်းကောင်း၊ သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း အမည်ဖြင့် ဖွင့်လှစ်ထားသော မန္တလေးကျောင်းကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦး ကြီးကြပ်ကွပ်ကဲသည့် သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေး ပညာသင်တန်းကျောင်းများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်း သင်ကြားပို့ချပေးသွားနိုင်ရေး သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာအဌမတန်း အောင်မြင်ပြီးသူများ တက်ရောက်ခွင့်ရှိသည်။ သင်တန်းကာလ (၂) နှစ်အတွင်း ပထမနှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ သမဝါယမပညာ၊ Business Accounting၊ Fundamentals of ICT ဘာသာရပ်များကိုလည်းကောင်း၊ ဒုတိယနှစ်၌ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ Cost Accounting၊ Financial Accounting၊ Computerized Accounting ဘာသာရပ်များကို သင်ကြားပေးလျက် ရှိသည်။ သင်တန်း ကျောင်းမှ သင်ကြားပေးသော ဘာသာရပ်များကို ပြင်ပ စီးပွားရေးလုပ်ငန်းရှင်ကိုယ်တိုင် နှစ်သက်သဘောကျသဖြင့် လာရောက်သင်ယူကြကြောင်း ကျွန်တော်ရောက်ရှိခဲ့သည့် မန္တလေး မြို့ သင်တန်းကျောင်းအုပ်က ရှင်းလင်းပြောကြားသည်။ မန္တလေး သင်တန်းကျောင်းသည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ ၈၃ လမ်းနှင့် ၂၅-၂၆ လမ်းကြား တွင် တည်ရှိနေပါသည်။ မကြာမီ သင်တန်းများ ဖွင့်လှစ်တော့မည်။ သင်တန်းသား ၅၀ မှ ၁၀၀ ကြား တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

သမဝါယမကောလိပ်များ

          မိမိတို့ဝန်ကြီးဌာနအောက်တွင် သမဝါယမကောလိပ် (မန္တလေး) နှင့် (ဖောင်ကြီး) ကျောင်းများ ရှိနေပါသည်။ သမဝါယမကောလိပ်(မန္တလေး)၏ ကျောင်းအုပ်ကြီးမှာ ဒေါက်တာ တင်မူအေး ဖြစ်သည်။ မန္တလေးဟုဆိုသော်ငြားလည်း ထိုကောလိပ်ကျောင်းသည် ပုသိမ်ကြီး မြို့နယ်၊ ရန်ကင်းတောင်ခြေတွင် အေးချမ်းစွာ တည်ရှိနေပါသည်။ ဘုရားရိပ် တရားရိပ် အောက်က ထိုကျောင်းပရဝုဏ်လေးကိုလည်း ကျွန်တော် သဘောကျမိသည်။ သမဝါယမ ကောလိပ် (မန္တလေး) သည် ၁၉၇၉ ခုနှစ်တွင် သမဝါယမသင်တန်းကျောင်းအနေဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သမဝါယမကောလိပ်အဖြစ် အဆင့်မြှင်တင်ပေးခဲ့သည်။ (၂) နှစ် သင်တန်းပြီးဆုံးပါက ဒီပလိုမာဘွဲ့ (၅ မျိုးရှိပါသည်) ပေးအပ်ချီးမြှင့်ကာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွင် တတိယနှစ်မှစ၍ ပေါင်းကူးတက်ရောက်ခွင့် ရကြမည် ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ သမဝါယမကောလိပ်(မန္တလေး)မှ ဒီပလိုမာဘွဲ့ ရရှိပြီးသူ ၄၈၆၉ ဦးရှိကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများထဲက ကောလိပ်ဝင်ခွင့် လျှောက်ထားလာသူ ၈၀၀ ဦးမှ ၁၀၀၀ ဦးထိရှိကြောင်း သိရပါသည်။ သမဝါယမကောလိပ် (မန္တလေး) သို့ရောက်ခိုက် ကျောင်းတက်နေသော ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးခဲ့သည်။ ကောလိပ်ကျောင်း၏ လိုအပ်ချက် တင်ပြချက် များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ တစ်နေ့နေ့မှာတော့ သမဝါယမကောလိပ် (ဖောင်ကြီး) ကိုလည်း ကျွန်တော်အရောက် သွားပါဦးမည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များကို စစ်ကိုင်းနှင့် သန်လျင်တို့တွင် ဖွင့်လှစ်ထားပါသည်။ လောလောဆယ် အနေအထားအရ သန်လျင်တက္ကသိုလ်ကို ကျွန်တော် မရောက်ဖူးသေးပါ။ စစ်ကိုင်းတက္ကသိုလ်ကမူ စစ်ကိုင်းမြို့ ရွာထောင်ဘူတာရုံအနီး ရွှေသမား ရပ်တွင် တည်ရှိနေပါသည်။ မူလဘူတ အစောပိုင်းကာလများတွင်မတော့ အဆိုပါ တက္ကသိုလ် သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွက် ရည်ရွယ်ဖွင့်လှစ်သော သမဝါယမသင်တန်းကျောင်းဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တက္ကသိုလ်အဆင့်ကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ တက္ကသိုလ်များ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖြစ်ပါသည်။ သမဝါယမတက္ကသိုလ်ဟု ခေါ်ဝေါ်လာရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ဟု ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ပါသည်။

          ယင်းတက္ကသိုလ်များ၌ သင်ကြားပေးသော အထူးပြုဘာသာရပ်များမှာ သမဝါယမ ပညာဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စာရင်းအင်းပညာဘာသာရပ်၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်ပညာဘာသာရပ်၊ စီမံခန့်ခွဲမှုပညာဘာသာရပ်များဖြစ်ပြီး အထောက်အကူပြု ဘာသာရပ်များအနေဖြင့် မြန်မာဘာသာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဘာသာရပ်၊ စီးပွားရေးပထဝီဝင်ဘာသာရပ်၊ ဥပဒေပညာ ဘာသာရပ်တို့ ဖြစ်သည်။ သင်တန်းပြီးဆုံးချိန်၌ စီးပွားရေးသိပ္ပံဘွဲ့များ ချီးမြှင့်လျက်ရှိရာ အောက်ဖော်ပြပါဘွဲ့များ ပါဝင်ပါသည် -

(က)   စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)

          B.BSc (Social Enterprise Management)

(ခ)     စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)

          B.BSc (Regional Development)

(ဂ)    စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)

          B.BSc (Applied Statistics)

(ဃ)   စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)

          B.BSc (Accounting and Finance)

(င)     စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)

          B.BSc (Marketing Management)

အဆိုပါဘွဲ့များကိုပင် ဘွဲ့လွန်ဒီပလိုမာများနှင့် မဟာဘွဲ့များ ထပ်မံပေးအပ်လျက် ရှိနေ ပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ ရောက်ရှိစဉ် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက တက္ကသိုလ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာခွင့် ရခဲ့ပါသည်။

လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေ

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား ကျောင်းသူများ အလုပ် အကိုင် အခွင့်အလမ်း ရရှိရေးအတွက် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် ချိတ် ဆက်၍ Job Fair အခမ်းအနားများ နှစ်စဉ် ကျင်းပပြုလုပ်ပေးခြင်း၊ ယင်းအခမ်းအနားတွင် ပြင်ပစီးပွားရေးပညာရှင်များ၏ ဟောပြောပွဲများ ထည့်သွင်းပြုလုပ်ပေးခြင်း၊ လာရောက် ခင်းကျင်းပြသသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ကျောင်းသားကျောင်းသူများကို ချိတ်ဆက် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ဝန်ကြီးဌာနအသီးသီးမှ ခေါ်ယူ သည့် စီးပွားရေးဆိုင်ရာ ဘွဲ့များနှင့်ပတ်သက်သည့် ဝင်ပေါက်ရာထူးနေရာများတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသား ကျောင်းသူများအား ထည့်သွင်းခေါ်ယူနိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံစာရင်းစစ်ကောင်စီမှ ဖွင့်လှစ်သော လက်မှတ်ရ ပြည်သူ့စာရင်းကိုင် CPA သင်တန်းများသို့ တက်ရောက်ခွင့် ရရေးကိုလည်း သက်ဆိုင်ရာသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယခုအခါ CPA သင်တန်းဆင်းများစွာ ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ ခြုံငုံတင်ပြရလျှင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့် သန်လျင်) ဘွဲ့ရ ကျောင်းဆင်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုသည် ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ကြောင်း သိရပါသည်။

ဆောင်းဒါးနှင့် ယွန်းကောလိပ်

          မန္တလေးမြို့ အမရပူရတွင် တည်ရှိသော ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံကို မေလ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။ ယွန်းပညာကောလိပ်(ပုဂံ)ကိုမူ မရောက် သေးပါ။ ရောက်ရန် ရည်ရွယ်ထားပြီးဖြစ်ပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ ၎င်းသင်တန်းကျောင်းများအကြောင်းကိုလည်း ထပ်မံတင်ပြပါဦးမည်။ 

မြင့်စိုး(နတလ)


Bruce Henson

1 Month Ago - Edited

Universities operating under the Ministry of Rural Development are crucial in shaping future leaders and professionals committed to advancing rural communities. By integrating cooperative education with rural development strategies, these institutions empower international students with hands-on skills, real-world problem-solving experiences, and a deep understanding of rural economies and societies. This approach fosters sustainable development and addresses the unique challenges rural areas face, contributing to overall national progress.  For those students planning to study in the United States, we GovAssist can help your application smooth and fast.   

For more information or to begin your application process, visit GovAssist LLC at https://govassist.com/.

0 0
Reply