သားတို့သမီးတို့အတွက် သမဝါယမကောလိပ်(ဖောင်ကြီး)

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန | Sep 16, 2024

ကဗျာဆန်သောကျောင်းဆောင်လေးများ

          တစ်ကယ်သွားဖို့ ကြံရွယ်ထားသည်က သန်လျင်မြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် အရင်ဆုံးရောက်သွားသည်က သမဝါယမကောလိပ်(‌ဖောင်ကြီး) ဖြစ်လို့နေပါတော့သည်။ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မြောက်ဦးမြို့များသို့ သွားရောက်သည့်ခရီးစဉ်တွင် လမ်းကြောင်းလည်း သင့်နေသော ကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်၏။ ဇွန်လ ၂ ရက်နေ့ နေပြည်တော်-ရန်ကုန်၊ ဇွန်လ ၃ ရက် နေ့ ရန်ကုန်-စစ်တွေ၊ ဇွန်လ ၄ ရက်နေ့ စစ်တွေ-မြောက်ဦး-စစ်တွေ၊ ဇွန်လ ၅ ရက်နေ့ စစ်တွေ-ရန်ကုန်-နေပြည်တော်ဟု ရေးဆွဲချီတက်ခဲ့ကြလေရာ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ အမြန်လမ်းမကြီး မိုင်တိုင် ၂၀/၀ မိုင်မှ ချိုး၍ သမဝါယမကောလိပ်(‌ဖောင်ကြီး)သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရှေးယခင်က ဖောင်ကြီးသို့ သွားလျင် ရန်ကုန်-လှည်းကူး-မင်းကုန်းလမ်းအတိုင်း သွားခဲ့ခြင်းဖြစ်လေရာ စိတ်ထဲမှာ အတန်ငယ် လှမ်းသည်ဟု ထင်ရ၏။ ယခု ၂၀/၀ မိုင်မှ ချိုးဝင်လိုက်သောအခါ ၅ မိနစ်စွန်းစွန်းမျှသာ အမြန်လမ်းက သွားလျင် ပို၍လမ်းသင့်သည်ဟု ကျွန်တော်မှတ်ချက်ချလိုက်မိပါသည်။

          ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့ လိုက်ပါလာခဲ့သည်။ သမဝါယမကောလိပ်(‌ဖောင်ကြီး)၊ ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းက သင်တန်းနှစ်အလိုက် တက်ရောက်သင်ကြားနေသော ကျောင်းသားကျောင်းသူများစာရင်း၊ သင်ကြားပို့ချပေးနေသော ဆရာ၊ ဆရာမအင်အားစာရင်းများအပါအဝင် ကောလိပ်ကျောင်းနှင့်သက်ဆိုင်သော အချက်အလက်များကို ရှင်းလင်းပြောကြားပါသည်။ ကျောင်းသားကျောင်းသူများ နေထိုင်ရန် စီစဉ်ပေးထားသော အဆောင် လေးများ၏ အမည်များမှာ အင်းဝဆောင်၊ ကမ္ဘောဇဆောင်၊ ရတနာပုံဆောင်၊ ယုဝတီဆောင်၊ ဓညဝတီဆောင်နှင့် သလ္လာဝတီဆောင်တို့ဖြစ်သည်။ ကဗျာဆန်လှပေစွ။ နေပြည်တော်သို့ အစည်း အဝေးတက်ရောက်ရန် ထွက်ခွာလာရင်း သမဝါယမကောလိပ်(‌ဖောင်ကြီး)တွင် ကျွန်တော်တို့နှင့် ဆုံခဲ့ သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းသည် သလ္လာဝတီဆောင်တွင် အဆောင်မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း အမှတ်တရ ပြောပြပါသည်။

ကျောင်းတည်နေရာနှင့် ဖြစ်ပေါ်လာပုံ

          ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအနီးတွင် တည်ရှိပါသည်။ ဧက (၂၀၀) ကျော် ကျယ်ဝန်းပြီး သစ်ပင်ပန်းမန်တို့ဖြင့် စိမ်းလန်းဝေဆာလျက် အေးမြသောအရိပ်အာဝါသ ကို ပိုင်ဆိုင်ထားပါသည်။ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် ဗဟိုသမဝါယမသင်တန်းကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။ သို့မို့ကြောင့်ပဲလားတော့မသိ၊ လက်ရှိ သမဝါယမကောလိပ် (‌ဖောင်ကြီး)တွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူလေးများအား ဒီပလိုမာပေးအပ်ရာ လိပ်ခုံးခန်းမကြီး (အားလုံး၏အခေါ် Dome ခန်းမကြီး) သည် ဝန်ကြီး အဘဦးစိန်ထွန်း လက်ထက်ကတည်းက တည်ဆောက်ပေးထားခဲ့သော ခန်းမကြီးဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ တွင် ဗဟိုသမဝါယမကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ တွင် သမဝါယမကောလိပ်(ဖောင်ကြီး) အမည်သို့ အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။

ကောလိပ်များ၏ ရည်မှန်းချက်

          ကောလိပ်များဟု ကျွန်တော်သုံးနှုန်းလိုက်ရခြင်းမှာ မကြာသေးခင်ကမှ ကျွန်တော်ရောက်ခဲ့ သည့် သမဝါယမကောလိပ်(မန္တလေး)ကိုပါ ရည်ညွှန်းလို၍ ဖြစ်ပါသည်။ မိမိတို့၏ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အထက်ပါကောလိပ်ကျောင်းများ၏ ရည်မှန်းချက်မှာ “အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသည့် သမဝါယမစီးပွားရေးပညာ တတ်များ မွေးထုတ်ပေးရန်” ဖြစ်ပါသည်။ ‌ကောလိပ်များ၏ ရည်မှန်းချက်ကား မွန်မြတ်လှပါဘိ။

ပေးအပ်ချီးမြှင့်သည့် ဒီပလိုမာ

          သမဝါယမကောလိပ်ကျောင်းများသည် အောက်ဖော်ပြပါ ဒီပလိုမာများကို ပေးအပ်ချီးမြှင့်ပါ သည် -

(က)    စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ

          (Diploma in Business Accounting) (Dip.BA)

(ခ)     ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ

          (Diploma in Marketing Management) (Dip.MM)

(ဂ)     အသုံးချစာရင်းအင်းဒီပလိုမာ

          (Diploma in Applied Statistics) (Dip.AS)

(ဃ)    ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဒီပလိုမာ

          (Diploma in Regional Development) (Dip.RD)

(င)     လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဒီပလိုမာ

          (Diploma in Social Enterprise Management) (Dip.SEM)

          ယင်းကောလိပ်များ၌ (၂) နှစ် ပညာသင်ကြား ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)သို့ ပေါင်းကူး နိုင်ပြီး တတိယနှစ်မှစတင်ကာ ဆက်လက်ပညာသင်ယူခွင့်ရှိကြောင်း သိရပါသည်။

ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုများ

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)၊ သမဝါယမကောလိပ် (‌ဖောင်ကြီးနှင့် မန္တလေး) ကျောင်းများရှိ ကျောင်းသား ကျောင်းသူလေးများအတွက် တူညီဝတ်စုံများကိုလည်းကောင်း၊ ကျောင်းသုံးပြဌာန်းစာ အုပ်များအတွက် တစ်ဦးလျှင် ကျသင့်ငွေ ၄၇၆၀၀ ကျပ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ မေလ ၂၀ ရက်နေ့တွင် သွားရောက်ခဲ့သော သမဝါယမကောလိပ် (ဖောင်ကြီး) ခရီးစဉ်၌ ကျောင်းသန့်ရှင်းရေးအတွက် လိုအပ်သော မြက်ဖြတ်စက်များ၊ ကျောင်းသား အိပ်ဆောင် (၂) ဆောင်နှင့် ကွန်ပျူတာခန်းတို့အတွက် ဆိုလာစနစ်ဖြင့် မီးရရှိရေး၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် CP ကြက်များ မွေးမြူရေး၊ ကျောင်းသားများ ကစားရန် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးရေး စသည်တို့ကို စီမံ‌ဆောင်ရွက်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျောင်းအုပ်ဆရာမကြီးနှင့်အတူ လိုက်လံ ကြည့်ရှုခဲ့ပါသည်။ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုရင်း သမဝါယမကောလိပ် ဓမ္မာရုံကိုလည်း တွေ့ခဲ့ရသည်။ ထိုအမည်ကို ကြည့်ခြင်းအားဖြင့် ၂၀၀၄ ခုနှစ်မတိုင်မီ ဗဟိုသမဝါယမကောလိပ်အဖြစ် တည်ရှိနေစဉ်ကတည်းက ဆောက်လုပ်ခဲ့သော ဓမ္မာရုံဖြစ်ပါလိမ့်မည်။ ထိုနည်းတူစွာပင် သမဝါယမ ကောလိပ်(ဖောင်ကြီး)၏ GEC ပညာရေးသမဝါယမအသင်းလီမိတက်၊ ထွန်းတောက် ကုန်ပစ္စည်း အရောင်းဆိုင်တွေကိုလည်း တွေ့ခဲ့ရ၏။

ပျားအုံလမ်းကို လွမ်းကြမည့်သူတွေ

          ဒီပလိုမာအပ်နှင်းပွဲများ ကျင်းပခဲ့သည့် လိပ်ခုံးခန်းမ (Dome) ၏ နံဘေး၌ စာသင်ဆောင်များ ရှိရာသို့ သွားသောလမ်း ရှိပါသည်။ ပျားအုံအကွက်လေးများ ပုံသဏ္ဍာန် အကွက်ဖော်၍ ခင်းထားသော ကြောင့် ထိုလမ်းလေးကို ကျောင်းသား ကျောင်းသူများအားလုံးက ပျားအုံလမ်းဟု အမည်ပေးထား ကြောင်း သိရသည်။ ထိုလမ်းလေးမှာပင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။ လိပ်ခုံးခန်းမမှာ လည်း ရိုက်ကြ၏။ ရန်ကုန်တက္ကသိုလ်ကြီးထဲက အဓိပတိလမ်းနှင့် ကံ့ကော်တန်းသည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီးနှင့် ဂျပ်ဆင်သည်လည်းကောင်း၊ ကျောင်းသားကျောင်းသူအားလုံး၏ နှလုံးသားကို တစ်ဘဝစာ ညှို့ငင်ယူ‌ဆောင်သွားဘိသကဲ့သို့ ပျားအုံလမ်းကလေးသည်လည်း သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းသားကျောင်းသူတို့အတွက် တစ်ချိန်မှာ လွမ်းစရာလမ်းကလေး ဖြစ်လာလိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။

မြင့်စိုး(နတလ)