အချိန်ကိုတန်ဖိုးရှိစွာအသုံးချစေလို

Ministry of Cooperatives and Rural Development | Sep 16, 2024

သင်တန်းဖွင့်ပွဲနှင့်သင်တန်းဆင်းပွဲ အခမ်းအနားများကျင်းပချိန်သည် ဂုဏ်ရှိန်ဝါကြီးသော၊ ခမ်းနားလှသော ကျောင်းတော်ကြီး၏ ပိုမိုတောက်ပသော အချိန်ဖြစ်သည်။ ကျောင်းကြီးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေပြီး ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာစေခြင်း၊ မိသားစု ဝင်ငွေတိုးပွားလာစေခြင်း၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို နှစ်စဉ်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဖွင့်လှစ် ပေးလျက်ရှိရာ ယနေ့ (၈-၃-၂၀၂၂)နေ့သည် ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လတာကာလ၏ နောက်ဆုံးလ အတွက် အသက်မွေးဝမ်းကျောင်းပညာအထောက်အကူပြု (ကာလတို) သင်တန်း(၂)မျိုး ဖြစ်သော “စက်ချုပ်နည်းပညာအခြေခံသင်တန်း” နှင့် “ချည်ထည်ပိုးထည်ဆိုင်ရာသဘာဝဆေးဆိုးနည်းသင်တန်း” နှစ်မျိုး၏သင်တန်းဆင်းပွဲ ကျင်းပသည့်မင်္ဂလာရှိသော နေ့ရက်တစ်ရက်ပင်ဖြစ်ပါသည်။

ကျောင်းတော်ကြီးမှ ဖွင့်လှစ်လိုက်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း များ တက်ရောက်စေခြင်းဖြင့် လူငယ်ဟုဆိုသော အသက် ၁၆ နှစ်မှ ၃၅ နှစ်အရွယ်ရှိ လူငယ်များအား ၎င်းတို့ရှင်သန်ရာပတ်ဝန်းကျင်၏ အရောင်အသွေး၊ ဓလေ့စရိုက်များ၊ ကျောင်းသင်ပညာရေးအပြင် နေ့စဉ် ပုံမှန်ဝင်ငွေရရှိစေနိုင်ရေး၊ လက်တွေ့ဘဝရင်ဆိုင်ဖြတ်သန်းရာ၌ အတွေးအမြင်၊ ဗဟုသုတများ ကျယ်ပြန့် စွာတွေးခေါ်လာနိုင်သည့်အတွက် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ် တို့ကိုခွဲခြား ဆန်းစစ်နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် စက်ချုပ်သင်တန်းသူများမှ သင်တန်းကာလအတွင်း သင်ယူ တတ်မြောက်၍ ကိုယ်တိုင်ချုပ်လုပ်ခဲ့ကြသည့် အဝတ်အထည်များ ခင်းကျင်းပြသရန် ပြင်ဆင်ခြင်း အလားတူ သဘာဝဆိုးဆေးသင်တန်းသူများကလည်း ၎င်းတို့၏ (၇) ရက်တာ သင်တန်းကာလအတွင်း လုပ်ဆောင်ခဲ့ကြသည့် ချည်နမူနာများ ၊ အထည်စနမူနာများအား ခင်းကျင်းပြသရန် ပြင်ဆင်ခြင်းများကို အားမာန်အပြည့်၊ ယုံကြည်ချက်အပြည့်၊ ဂုဏ်ယူသည့်မျက်နှာများနှင့် ၎င်းတို့၏ သင်တန်းဆင်း လက်ရာများကို ကြည့်မဝဖြစ်နေကြသည်။ ဆရာမများ၏ မျက်နှာများမှာလည်း ပီတိများဝေလျက် ရွှန်းလက်တောက်ပနေကြသည်။ ကျောင်း၏ပုံမှန်သင်တန်းများတွင် တက်ရောက်လျက်ရှိသည့် ကျောင်းသား ကလေးငယ်များမှာ သူတို့၏ကျောင်းဆင်းလက်ရာပြပွဲ ကျင်းပသည့်အခါ ပိုမိုကောင်းမွန်သောဒီဇိုင်းများ၊ လက်ရာများ၊ ပိုမိုကောင်းမွန်သော အခင်းအကျင်းများဖြင့် အကောင်းဆုံး ခင်းကျင်းပြသမည်ဟု ယုံကြည်မိပါသည်။ ဆရာ၊ ဆရာမများမှာလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများ၌ ယခုထက် ပို၍ ပို၍ကောင်းမွန်သော နည်းပညာများ၊ သင်ကြားမှုနည်းစနစ်များဖြင့် သင်ကြားပို့ချပေးနိုင်ရေးအတွက် ယခုထက်ပိုမို ကြိုးစားကြရန် ဆုံးဖြတ်ထားကြပြီးဖြစ်သည်။

သင်တန်းဆင်းပွဲများစွာတွင် ယခင်တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ယခုနောက်ပိုင်း သင်တန်းများတွင် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လုပ်ဆောင်မှုများ၊ ခံယူချက်များမှာကွဲပြားလာကြသည်။ ယခင် သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားများတွင် ကျေးဇူးတင်စကားပြောရန် လူရွေးရခြင်း၊ ကျေးဇူးတင်စကားရေးပေးရခြင်း၊ စင်ပေါ်တက်၍ အဆင်ပြေပြေပြောနိုင်ရေး လေ့ကျင့်ပေးရခြင်း စသည်ဖြင့် သင်တန်းဆင်းပွဲတစ်ခု ပြုလုပ်တိုင်းညွှန်ပြပေးရသည်။ သို့သော် ယခုချိန်သင်တန်းဆင်းပွဲများတွင် ဆောင်ရွက်ရန်မလိုတော့ပါ။ အကြောင်းမှာ တိုးတက်လာသော ခေတ်ရေစီးကြောင်းအရ အမျိုးသမီး၊ အမျိုးသား လူငယ်လုပ်ငန်းရှင် များ ပေါ်ပေါက်လာသကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိမိခြေထောက်ပေါ် ရပ်တည်နေသူ လုပ်ငန်းရှင်များလည်း ပေါ်ထွန်းလာပြီဖြစ်သည်။

ယခုသင်တန်းဆင်းပွဲတွင် ကျေးဇူတင်စကားပြောကြားသော ကျောင်းသူသည် ကိုယ်တိုင်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ၊ သဘာဝမှရရှိသော သက်တံ့သဖွယ်အရောင်များအပေါ် စိတ်ကြိုက် ပုံဖော်ဖန်တီးနေသော ANU ECO-Printing လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ၎င်းကျောင်းသူမှ ကျောင်းတော်ကြီးသို့ သဘာဝဆိုးဆေးပညာရပ်အား လာရောက်လေ့လာသင်ယူရင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ၊ သူမ မသိသေးသော သဘာဝဆေးဆိုးနည်းပညာရပ်၏ လျှို့ဝှက်နက်နဲသော ချုပ်ဆေးများအကြောင်း သိခွင့်ရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကြီးမားသော သင်တန်းကြေးဖြင့် မဲဆေးဆိုးနည်းပညာရပ်အား ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ စေတနာအပြည့်ဖြင့် အခမဲ့ သင်ကြားပေးခဲ့သဖြင့် ကျေးဇူးများစွာတင်ရှိပါကြောင်း၊ သင်တန်းမှ သူငယ်ချင်းများဖြင့် ရက်ကန်းပညာရပ်ဆိုင်ရာ နည်းပညာများအား ဖလှယ်ခွင့်ရခဲ့ပါကြောင်း ပြောကြားရာတွင် မျက်နှာ၌ အပြုံးပန်းဝေဆာစွာ တွေ့မြင်ရပြီး၊ ကျောင်းမှ သင်ကြားပေးလိုက်သော ပညာရပ်များဖြင့် သူမ၏ လုပ်ငန်းတွင်ပိုမိုအောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အကြောင်း များအား ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနေသည်ကို ပညာရည်ပြည့်ဝနေသော ကျောင်း၏ သင်တန်းသူ (၁)ဦး အနေဖြင့် လွန်စွာပင်ဝမ်းမြောက်ပီတိဖြစ်ရသည်။

နောက်ပိုင်းကာလများတွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ဖွင့်လှစ်သည့် သင်တန်းများကို ၎င်းတို့၏ လုပ်ငန်းများတွင် ပြန်လည်အသုံးချလိုခြင်း၊ အခြေခံမှစ၍ စနစ်တကျ သိရှိလိုခြင်း၊ သင်တန်းဆင်းပြီး ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သည့်အခါမှာလည်း ကျောင်းရှိ ဆရာ/မ များထံမှ လိုအပ်သောနည်းပညာအကူအညီများကို အချိန်မရွေးရယူနိုင်ခြင်းစသည့် တန်ဖိုးမဖြတ်နိုင် သည့် အကျိုးကျေးဇူးများကို သိမြင်လာကြသည့်အတွက် သင်တန်းများကို တန်ဖိုးထား၍ တက်ရောက် လာကြပါသည်။ ဘဝ၏တိုးတက်ရာလမ်းကြောင်းထွင်းဖောက်ပေးနေသည့် ကျောင်းတော်ကြီးကို ချစ်ခင်အားကိုးလာကြသည်။ ယခင်က ဆောင်းဒါးကျောင်းကြီး တည်ရှိနေသည်ကို ဂုဏ်ယူရမည့်အစား မဆိုင်သလို နေခဲ့ကြသည့် ရက်ကန်းလုပ်ငန်းရှင်များ ကိုယ်တိုင်သင်တန်းများကို တက်ရောက်လာ ကြသည်။ ၎င်းတို့၏မျိုးဆက် သား/သမီး၊ မြေး၊ မြစ်များကို စေလွှတ်၍ သင်တန်းများကို တက်ရောက် စေခဲ့ကြသည်။

သင်တန်းသားများ ကိုယ်တိုင်ကလည်း သင်တန်းတွင် စိတ်ပါဝင်စားစွာ သင်ယူကြသည်။ အင် တိုက်အားတိုက် လက်တွေ့ဆောင်ရွက်လာကြသည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ရင်းနှီးခင်မင်လာကြပြီး တစ်ဦးနှင့်တစ်ဦး လုပ်ငန်းချင်း ချိတ်ဆက်ဆောင်ရွက်လာနိုင် ကြသည်။ တစ်ဦးက ချည်ဆေးဆိုး၍ ရောင်းမည်။ ရက်ကန်းလုပ်ကိုင်သူက အထည်ထုတ်လုပ်မည်။ စက်ချုပ်သမားက Ready to wear ကို ကိုယ်ပိုင် Brand ဖြင့် ထုတ်လုပ်မည်စသည်ဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ကြတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် ကြိုးစားနေ ချိန်တွင် အထည်ထုတ်လုပ်မှုကဏ္ဍ၌ ရက်ကန်းပညာရပ်ဖြင့် ပေါင်းစပ်လုပ်ကိုင်နိုင်မှု၊ ရက်ကန်း လောက ၏ တိုးတက်မှုတို့သည် မျက်မှောက်ကာလ လူငယ်လုပ်ငန်းရှင်များပေါ် မူတည်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်အထည်များထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သို့ချိတ်ဆက်မိရန်မှာလည်း ဆောင်းဒါးရက်ကန်းကျောင်းတော်ကြီး၏ သင်တန်းဆင်းလုပ်ငန်းရှင်များ လုပ်ဆောင်ရမည့် လုပ်ငန်းရပ် တစ်ခုပင် ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်နိုင်မည်ကိုလည်း ကျေးဇူးတင်စကားပြောကြားနေသော ကျောင်းသူမှ ကိုယ်တိုင်နှင့် သင်တန်းဆင်း သူငယ်ချင်းများကိုယ်စား ကတိပေးပြောကြားနေသည်ကို မြင်ရ၊ ကြားရသည်မှာ ဝမ်းသာစိတ် ဆိုသည်ထက် ပီတိ ဟူသော ခံစားချက်ဖြစ်ပေါ်နေမိပါသည်။

ပညာရည်ပြည့်ဝနေသည့် ကျောင်းတော်ကြီး၏ သင်တန်းဆင်းများအား မြင်ရသည်မှာ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/ဆရာမအားလုံး၊ ဝန်ထမ်းများအားလုံး ပီတိဖြစ်ကြရပါသည်။ ထို ပီတိကပင် ပြည်သူများအား အသက်မွေးဝမ်းကျောင်းပညာအထောက်အကူပြုနိုင်ရေး အသက်မွေးဝမ်း ကျောင်း ပညာများသင်ကြားပြသပေးနိုင်ရန် အားများဖြစ်စေခဲ့ပါသည်။ တစ်နှစ်တာ ကာလအတွင်း သင်တန်းများဖွင့်ခြင်း၊ ဆင်းခြင်းဖြင့် ပင်ပန်းခဲ့ကြသောစိတ်များ၊ ကုန်ခမ်းခဲ့ကြသောအားအင်များသည် အသစ်တစ်ဖန်ပြန်လည်နိုးထလာခဲ့ပါသည်။

ကျောင်းတော်ကြီးမှ ပညာစမ်းရေ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိရာ လူတိုင်းပိုင်ဆိုင်သည့် အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန် ဟူသော ကာလသုံးပါးတွင် ပစ္စပ္ပန်ကာလကို အကျိုးရှိရှိ အသုံးချနိုင်သူသာ အနာဂါတ်ဘဝ သာယာလှပမည်ဖြစ်သဖြင့်ရရှိသော အခွင့်အရေး၊ အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချတတ်သော လူငယ်လူရွယ်များအား လက်ရှိအချိန်ကို အလဟဿမဆုံးရှုံးအောင် အသုံးချနိုင် သူများအဖြစ် ရောက်ရှိစေရန် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ ဖွင့်လှစ် သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ပုံမှန်) နှင့် (ကာလတို) သင်ကြားပေးသော ဆရာ/ဆရာမများ အားလုံးက ရင်တွင်းကြည်နူးမှုများကို ခံစားရင်း အသစ်ပြန်လည်ဖြစ်ထွန်းလာသော အားများဖြင့် လက်ကမ်းကြိုလင့်နေပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာသင် ဆရာ/မများ၏ ရင်တွင်းခံစားမှုနှင့် ဝေဖြာနေသောစေတနာ အားလုံးတို့အား ဦးညွတ်လျက်…..

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ