ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 08, 2022
ဘားအံ - ဒီဇင်ဘာ (၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်တရားလွှတ်တော်ရုံးသစ်ဆောက်လုပ်မည့်မြေနေရာနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အကွက်အမှတ်(၁၅)သရက်တောတောင်အကွက်၊ ဦးပိုင်အမှတ် ၁/ခ၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ ယခင်စာပုံနှိပ်တိုက်ဟောင်းနေရာ၌ တရားစီရင်ရေးစနစ်မှန်ကန်မြန်ဆန်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်နိုင်ရေး၊ အဂတိလိုက်စားမှုကင်းရှင်းရေးနှင့် တရားလွှတ်တော်အင်္ဂါရပ်များနှင့်အညီ ခန့်ညား ထည်ဝါသည့် ပြည်နယ်တရားလွှတ်တော်ရုံးသစ်တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ အဆိုပါ ပုံနှိပ်တိုက်ဟောင်း အဆောက်အဦနေရာတွင် တစ်ပတ်တစ်ကြိမ်ထုတ်ဝေသော တိုင်းရင်းသားဘာသာသတင်းစာ လုပ်ငန်းရုံးမှ ဘာသာပြန်အယ်ဒီတာချုပ်၊ စာတည်းမှူးများနှင့် ဘာသာပြန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည်နယ်တရား လွှတ်တော်ရုံးသစ်တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အဆိုပါမြေနေရာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊အမှတ်(၂)ရပ်ကွက်၊ ဆင်းဧကရီ လမ်းသွယ် မြေနိမ့်ပိုင်းတွင် ရေစီးရေလာကောင်းမွန်ရေး၊ ရေထုတ်မြောင်းများစနစ်တကျထည့်သွင်းဆောင်ရွက်ပေးနိုင်ရေး၊ သီရိမဇ္ဇျူလမ်းအား ယခင်ကတ္တရာလမ်းမှ ကွန်ကရစ်ထပ်ပိုးလွှာခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း ညဈေးတန်းနေရာအနီး သံလွင်မြစ်အတွင်း၌ ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၂၀ တက်လှော် နဂါးလှေလှော်ပြိုင်ပွဲ၊ ၇ တက်လှော်နှင့် ၅ တက်လှော် ရိုးရာလှေလှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များလမ်းညွှန်မှာကြားပြီး ပြိုင်ပွဲတွင်အသုံးပြုမည့် နဂါးလှေများနှင့် ရိုးရာလှေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။






