ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 28, 2023

ဘားအံ - အောက်တိုဘာ (၂၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းအား လမ်းအထူးအဖွဲ့-၂၂ မှ မူလ ၁၂ ပေအကျယ်လမ်းအား ၁၈ ပေအကျယ်ချဲ့ ကတ္တရာခင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ် ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်စပ် လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့၊အမှတ်(၅)ရပ်ကွက်လမ်း(၄ ဒဿမ ၀၂၃ ကီလိုမီတာ)အား ကတ္တရာ လမ်းချဲ့ခြင်းနှင့်ထပ်ပိုးလွှာခင်းသည့်အပိုင်း( ၁ ဒဿမ ၆၀၉ ကီလိုမီတာ)အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးစောကျော်ဝင်းနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများတွင် ရေမြောင်းများထည့်သွင်းဆောင်ရွက်ပေးရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော ပိုင်ကျုံမြို့ယဉ်ကျေးမှုလူငယ် မောင်မယ်ဒုံးအဖွဲ့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြဖျော်ဖြေမှုအားကြည့်ရှုအားပေးပြီး ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် (၃)သိန်းကို ပေးအပ်ချီးမြှင့်ကာ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက်ပိုင်ကျုံဘုန်းတော်ကြီးကျောင်းအနီး ပိုင်ကျုံချောင်း ကမ်းပြိုမှုအခြေအနေ၊ အထက်ပိုင်ကျုံကျောင်းသစ်အနီး ကမ်းပြိုကျမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း မြေထိန်းနံရံများတည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော အထက်ပိုင်ကျုံလမ်း ၁၈ ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၆၅၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်စီ တွင် ရေမြောင်းများထည့်သွင်းဆောင်ရွက်ရန်၊ လမ်းပခုံးများစနစ်တကျဖြစ်စေရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက် ရောက်နေသူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ဆေးဝါးကုသပေးထားမှုနှင့် သက်သာပျောက်ကင်းမှုအခြေအနေများ ကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ်ကာ ဆေးရုံအုပ်ကြီးထံ အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းနှင့် အဆိုပါဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များအား စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အားပေးစကားများပြောကြားကာ ဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။




