ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / September 13, 2025

ဘားအံ - စက်တင်ဘာ (၁၃)
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပါဝင်သည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘားအံမြို့၊ လှာကမြင် အားကစားကွင်းဧရိယာအတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော မော်တော်ယာဉ်အစီးရေ ၆၀ ခန့်ရပ်နားနိုင်သည့် အလျား ၁၉၉ ပေ၊ အနံ ၁၁၄ ပေရှိ ယာဉ်ရပ်နားရန်နေရာ(Car Parking)တည်ဆောက်ရေး လုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်တို့က Parking Area ၊ Drive way Area ၊ Lampscape Area ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်အားကစားကွင်း ဇွဲကပင်အားကစားရုံ (၂၀၀ x ၁၃၀)ပေ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီမှတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ချိန်ထက်စောလျင်စွာပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ဘားအံဇုန်၊ အုပ်စုပတ်လည်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ နိုင်ရေး ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး စခန်းသွင်းလေ့ကျင့်နေ သော ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံ၍ အုပ်စုပွဲစဉ်များကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်၍ သန့်သန့်ရှင်းရှင်း တရားမျှတစွာယှဉ်ပြိုင်၍ ကြိုးစားအနိုင်ယူယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ထိုက်တန်သည့် အားပေးဂုဏ်ပြုမှုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ် ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အားပေးစကားများပြောကြားကာ လေ့ကျင့်ရေးကာလ အထွေထွေအသုံးစရိတ်ငွေကျပ် ၃၅၇၂၁၅၀ဝိ/-(သုံးရာငါးဆယ်ခုနှစ်သိန်းနှစ်သောင်းတစ်ထောင်ငါးရာကျပ်)ကို ချီးမြှင့် ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားများ တည်းခိုနေထိုင်ရေး၊ အာဟာရပြည့်မီစွာ စားသောက်လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး တာဝန်ရှိသူများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ အားကစားသမား(၁၄)ဦးဖြင့်စခန်းသွင်းလေ့ကျင့်နေသော တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အေရိုးဗစ်အသင်း၏ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။