ကျိုက်ထိုမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လေးဖာတောတံတား(ဒေသအခေါ်)နှင့် တံတားအမှတ်(၂/၁၆) တို့အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ကျိုက်ထိုမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လေးဖာတောတံတား(ဒေသအခေါ်)နှင့် တံတားအမှတ်(၂/၁၆) တို့အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / July 10, 2023
  ကျိုက်ထိုမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လေးဖာတောတံတား(ဒေသအခေါ်)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု။


     ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိသည်။

     ထိုသို့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ကင်မွန်းချောင်း-ကျိုက်ထီးရိုးတောင်တက်ကားလမ်းရှိ အလျား ၄၀ ပေ အနံ ၂၀ ပေခန့်၊ သံကူကွန်ကရစ်အမျိုးအစား၊ လေးဖာတောတံတား(ဒေသအခေါ်)အား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတားမှာ အလယ်မှကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ လတ်တလော ဖြတ်သန်းသွားလာ၍မရကြောင်းနှင့် အဆိုပါတံတားသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဆံတောင်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘက်စုံတည်ဆောက်ရေးရန်ပုံငွေဖြင့် ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် တံတားဖြစ်ကြောင်း သိရသည်။

     အလားတူ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်းကားလမ်း မိုင်တိုင်အမှတ် ၁၅ မိုင် ၄ ဖာလုံရှိ အလျား ၁၅ ပေ၊ အနံ ၁၅ ပေခန့်၊ ကွန်ကရစ်အမျိုးအစား၊ တံတားအမှတ် (၂/၁၆) အား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အဆိုပါတံတားမှာ ကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်းသိရသည်။

     အထက်ပါဖြစ်စဉ်များမှ ပျက်စီးသွားသည့်တံတားများအား ပြန်လည်ပြုပြင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများ၊ ဘုရားဖူးပြည်သူများ ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသော တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။