ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ကော်မရှင်နာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာနှင့် ဖလင်ပိဋကတ်တိုက်အား သွားရောက်ကြည့်ရှုလေ့လာ

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ကော်မရှင်နာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာနှင့် ဖလင်ပိဋကတ်တိုက်အား သွားရောက်ကြည့်ရှုလေ့လာ

Ministry of Information/ ​နေပြည်တော် / November 08, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၈

 

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ကော်မရှင်နာ မစ္စတာ မီရတကိုဟေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား အမှတ် (၅၀) ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်း အမှတ် (၃၅/အေ) ရှိ ဖလင်ပိဋကတ်တိုက်သို့ လာရောက်ကြည့်ရှုလေ့လာသည်။

အဆိုပါ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ (၂) နာရီတွင် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာသို့ ရောက်ရှိပြီး ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာအဖွဲ့နှင့် တွေ့ဆုံပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို အတတ်ပညာနှင့် အသိပညာများ သင်ကြားလေ့ကျင့်ပေးရန်၊ ရုပ်ရှင် လောကသားအချင်းချင်း ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများ အပြန်အလှန် ပေါင်းကူးဆက်သွယ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားရှိမှု၊ ၎င်းတွင် သင်တန်း နှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေမှု၊ ရုပ်ရှင်ဇာတ်ကားများ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းများ ပြုလုပ်နေမှု၊ စတူဒီယို (၃) ခု ပြုပြင်မွမ်းမံပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးနေမှုတို့ကို ဆွေးနွေးသည်။

ထို့ပြင် ဂျပန်ရုပ်ရှင်ပွဲတော်ကို ယခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လည်းကောင်း၊ မြန်မာ-ဂျပန် ဂန္တဝင်ရုပ်ရှင် ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့တွင် လည်းကောင်း ကျင်းပရန် စီစဉ် ဆောင်ရွက် နေမှု၊ ဖလင်ပိဋကတ်တိုက်တွင် အဖြူ/အမဲ နှင့် ဆေးရောင်စုံ ရုပ်ရှင် ဇာတ်ကားများ၊ သတင်းမှတ်တမ်းကားများနှင့် DCP တို့ ထိန်းသိမ်းထားရှိမှု၊ Save Myanmar Film နှင့် ပူးပေါင်း၍ ဖလင်များ ထိန်းသိမ်းရေးဆောင်ရွက်မှုနှင့် နည်းပညာ လိုအပ်ချက်များအား ဆွေးနွေးကြသည်။

ထို့နောက် ဂျပန်နိုင်ငံ ကော်မရှင်နာဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေး စင်တာတွင် ပြင်ဆင် ဆောင်ရွက် ထားရှိမှုနှင့် ဖလင်ပိဋကတ်တိုက်တွင် ဖလင် များ ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီသည် ဂျပန်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ အထူးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ အနုပညာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်၊ ဂျပန်နိုင်ငံနှင့် နိုင်ငံတကာ သတင်းအချက် အလက်များ ဖြန့်ချိရန် အဓိကထား ဆောင်ရွက်နေပြီး ၎င်းအေဂျင်စီသည် လူငယ် အနုပညာရှင် များကို အထူးဆုများချီးမြှင့်ခြင်း၊ သမိုင်းဝင် နေရာများနှင့် အနုပညာ အမျိုးသားပြတိုက်များကို အကာအကွယ် ပေးခြင်းနှင့် ရန်ပုံငွေထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)