စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၁၀) အထည်စက်ရုံ (တောင်သာ)၊ အထည်စက်ရုံခွဲ (မြင်းခြံ)နှင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)တို့အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၁၀) အထည်စက်ရုံ (တောင်သာ)၊ အထည်စက်ရုံခွဲ (မြင်းခြံ)နှင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)တို့အား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / November 09, 2022


နေပြည်တော်၊ နိုဝင်ဘာ (၂)
    စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ရှိ အမှတ် (၁၀) အထည် စက်ရုံ (တောင်သာ) သို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ထုတ်ကုန်ပစ္စည်းများအား လက်ရာသေသပ်ကောင်းမွန်အောင်နှင့် အရည်အသွေးကောင်းမွန်အောင် အလေးထားဆောင်ရွက်ရန်၊ ပညာရေးဝန်ကြီးဌာနမှ မှာယူထားသော ကျောင်းဝတ်စုံများအား အချိန်မီပေးပို့နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်စေရေးအတွက် စီမံချက်များရေးဆွဲခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြင်းခြံမြို့ရှိ အထည်စက်ရုံခွဲ (မြင်းခြံ) သို့ ရောက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအဆင့်ဆင့်နှင့် စက်ပစ္စည်းအသစ်များ တပ်ဆင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းအသစ်များ တပ်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများ ပြတ်လပ်မှုမရှိ စေရေးအတွက် စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး Water Treatment Plant ရှိ Pump များ ပြုပြင်ထားရှိမှုနှင့် ပိုက်လိုင်းများ အစားထိုး လဲလှယ်ပြီးစီးမှုအခြေအနေ၊ Air Separation Plant ရှိ Turbo Compressor ပြုပြင်နေမှုအခြေအနေ၊ Oxygen Compressor ပြုပြင်နေမှုနှင့် Air Compressor များ ပြုပြင်ပြီးစီးမှု အခြေအနေ၊ ထုတ်လုပ်မှုအတွက် လိုအပ်သည့် Steel Scrap (HMS-1, HMS-2, Light Scrap) များကို စနစ်တကျခွဲခြား စုစည်းထားရှိမှုနှင့် Ferro Alloy များ၏ လက်ကျန်အခြေအနေ၊ Hot Strip Mill ၏ Machine Installation Work များ ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
    အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံရှိ စက်မှု/လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း များ၏ ပြင်ဆင်ဆောင်ရွက်နေမှု၊ Air Separation Plant ပြန်လည်စစ်ဆေး ပြုပြင်မှု၊ စီမံကိန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Damir Mezulic ၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ အကြံပြုချက်များ၊ Meltshop-1 ပြန်လည်စတင်နိုင်ရေးအတွက် လူအင်အား၊ ကုန်ကြမ်းများနှင့် စက်ပစ္စည်းများဆိုင်ရာ  စီမံချက်ရေးဆွဲဆောင်ရွက်မှု စသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သံရည်ကျိုအလုပ်ရုံနှင့် သက်ဆိုင်သည့် လုပ်ငန်းများအားလုံးကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီရေးတို့အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန်၊ စက်ရုံရှိဝန်ထမ်းများ ဖြင့် စက်မှု/လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံရှိ စစ်ဆေးပြုပြင်ပြီးသည့် စက်ကိရိယာ ပစ္စည်းများ ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံအား သတ်မှတ်ကာလအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)