စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / July 15, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ခြင်းများအား ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ပြုလုပ်လျက်ရှိရာတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဘောကျေးရွာ၏အထွက် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် BB/6754 Hiace ခရီးသည်တင်ယာဉ်သည် အဆိုပါ စစ်ဆေးဂိတ်တွင် ယာဉ်နှင့် ယာဉ်ပေါ်ပါ ခရီးသည်များက စစ်ဆေးမှုခံယူနေစဉ် လမ်း၏ယာဘက် ၄ ပေ ခန့်အကွာမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး(၂၆)နှစ် (ဘ) ဦးသိန်းနိုင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာမကျေးရွာနေ ကိုဌေးဝင်း(၃၉)နှစ် (ဘ)ဦးသိန်းအောင်၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာ နေသူများဖြစ်သည့် ကိုသန်းထွန်းမြင့်(၂၆)နှစ်၊ ကိုလှမင်းပို(၂၃)နှစ် (ဘ)ဦးအံချိုဦး၊ မမြမြထွေး(၂၂)နှစ် (ဘ)ဦးသိန်းနိုင်၊ မအေးအေးဖြူ(၂၃)နှစ် (ဘ)ဦးသိန်းနိုင်နှင့် မခင်နွယ်ဝင်း(၃၁)နှစ် (ဘ)ဦးကုလား၊ မြင်းခြံမြို့နယ်၊ ထနောင်းကုန်းကျေးရွာနေ မစိုးစိုးမေ(၁၉)နှစ် (ဘ)ဦးကိုထက်၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာနေ မဝင်းဝင်းသန့်(၃၂)နှစ် (ဘ)ဦးပေါတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုကဲ့သို့ လက်လုပ်မိုင်းထောင်၍ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ကာ အပြစ်မဲ့ပြည်သူများအား သေဆုံးထိခိုက်ဒဏ်ရာများရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
