စိုက်ပျိုးသီးနှံထွက်ကုန်များ တန်ဖိုးမြင့်ထုတ်ကုန် Value Added များအဖြစ်ပြောင်းလဲကာ ပြည်တွင်း သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေများ ရရှိနိုင်မည်

စိုက်ပျိုးသီးနှံထွက်ကုန်များ တန်ဖိုးမြင့်ထုတ်ကုန် Value Added များအဖြစ်ပြောင်းလဲကာ ပြည်တွင်း သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားငွေများ ရရှိနိုင်မည်


Ministry of Information/ Naypyitaw / March 07, 2024
image_latest


နေပြည်တော် မတ် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘ ဝမြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းလိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co.,ltd ၏ စားသောက်ကုန် ထုတ်လုပ်မှုစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စားသောက်ကုန်ထုတ်လုပ်မှု စက်ရုံတာဝန်ခံက ဒေသထွက်ကုန်များဖြစ်သော သရက်သီး၊ ဆီးသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးနှင့် ကော်ဖီစေ့တို့ကို အဆင့်မြင့်ထုတ်ကုန် Value Added များအဖြစ် ထုတ်လုပ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးကတောင်သူများ၏ စိုက်ပျိုးသီးနှံထွက်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန် Value Added များအဖြစ်ပြောင်းလဲကာ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချခြင်းမှ နိုင်ငံခြားငွေများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရှိပြီး အဆိုပါဌာနမှ ဒေသထွက်ကုန်များအား အဆင့်မြင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်နည်းပညာ သင်တန်းများနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရင်းအနှီးလိုအပ်ပါက MSME ရန်ပုံငွေ လျှောက်ထားနိုင်ကြောင်း၊ သမဝါယမအသင်းများနှင့် အသင်းစုချုပ်များက သေချာလေ့လာ၍လိုက်ပါ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံအတွင်း သစ်သီးယို၊ ဆီးသီး ခြောက်၊ နာနတ်သီးခြောက်၊ စတော်ဘယ်ရီသီး ခြောက်၊ သရက်သီးခြောက်၊ ဂရိတ်ဖရုသီးယို၊ ရှောက်သီးယို၊ ခရမ်းချဉ်သီးခြောက် ထုတ်လုပ်နေမှု ကိုလည်းကောင်း၊ သရက်သီး၊ ဆီးသီး၊ နာနတ်သီး၊ ရှောက်သီး၊ မန်ကျည်းသီးနှင့် ပင်မှည့် ဖျော်ရည် ထုတ်လုပ်နေမှု ကိုလည်းကောင်း၊ သရက်သီး သနပ်၊ မရန်းသီးသနပ် ထုတ်လုပ်နေမှုနှင့် အသင့် သောက်ကော်ဖီ ထုတ်လုပ်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ခြေ ၂၄၅ အိမ်၊ လူဦးရေ ၈၆၇ ဦးကို အကျိုးပြုသည့် သပြေစမ်းကျေးရွာ အဝင်လမ်း ပေ ၄၈၅၀ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်