ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ် အကောင်အထည်ဖော်စီမံဆောင်ရွက်သည့်ဌာန (Executing Agency-EA) (မြန်မာ့စီးပွားရေးဘဏ်)နှင့် PFI ပုဂ္ဂလိကဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအစီအစဉ် အကောင်အထည်ဖော်စီမံဆောင်ရွက်သည့်ဌာန (Executing Agency-EA) (မြန်မာ့စီးပွားရေးဘဏ်)နှင့် PFI ပုဂ္ဂလိကဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) နေပြည်တော်၌ ကျင်းပသည်။

ဦးစွာ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၅၀ မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပါကြောင်း၊ ယခင်က PFI ဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့သာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ပါဝင်လာမည် ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ချေးငွေပမာဏကိုလည်း ယခင်က ဆီစက် လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ ထိသာထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပါကြောင်း၊ ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၁၀၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတစ်ဝန်းရှိ ဆီစက်လုပ်ငန်းရှင် များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို စနစ်တကျရယူ၊ ထုတ်ချေးခြင်းဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးမှုနှင့် အရည်အသွေးမြင့်သော စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်မည်ဖြစ်၍ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲ ရမှုလျော့နည်းသက်သာစေမည်ဖြစ်ကြောင်း၊ အတ္တ၊ ပရ မျှတစွာဖြင့် အကောင်းဆုံး ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်မှ တာဝန်ရှိသူများက သဘောတူညီချက်အား လက်မှတ်ရေးထိုးကြသည်။ အခမ်းအနားသို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်