ဆေးထိုးထားတော့ ရောဂါကူးစက်မှုနှုန်းတွေ အများကြီးကျသွားနိုင်တယ်။ အဲဒါကြောင့် ပြည်သူအားလုံး ကို ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်

ဆေးထိုးထားတော့ ရောဂါကူးစက်မှုနှုန်းတွေ အများကြီးကျသွားနိုင်တယ်။ အဲဒါကြောင့် ပြည်သူအားလုံး ကို ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်


Ministry of Information/ Naypyitaw / August 03, 2021
image_latest


နေပြည်တော် ဩဂုတ် ၂ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်ရှိ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကတ်များ ဈေးများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယင်းသို့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို ကြီးကြပ်ပေးနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် ဆေးလာရောက်ထိုးနှံကြသူများ၏ ပြောကြားချက်များကို တင်ပြလိုက်ပါသည်။ ဦးရဲမြတ်သိန်း (ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး) ဆေးထိုးနှံဖို့ အစီအစဉ်ကိုသိသိချင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆေးထိုးနှံမယ့် စာရင်းကောက်တယ်။ စာရင်းကောက်ရင်းပဲ ဆေးထိုးမယ့် နေ့ရက်ကို တစ်ခါတည်း ကြေညာပေး တယ်။ အလားတူ ရပ်ကွက်၊ ကျေးရွာ တွေကတစ်ဆင့် ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးအလိုက် တောက်လျှောက် ကြေညာပေးပါတယ်။ နေပြည်တော် ကောင်စီ Facebook Page အပြင် ခရိုင် တို့ မြို့နယ်တွေမှာလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် Facebook Page တွေ ဖွင့်ပြီး ကြေညာပေးထားပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ လူဦးရေ ၁၂၀၀ လောက် ထိုးနှံပေးဖို့ ရည်ရွယ်ထားပါတယ်။ ယခုလက်ရှိ ကိုဗစ်ရောဂါဟာ ပြင်းထန်ဝေဒနာခံစားရတဲ့ ရောဂါဖြစ်တဲ့ အတွက် ပြည်သူတွေအနေနဲ့ ရောဂါ ကာကွယ်ဆေးကို နိုင်ငံတော်ကထိုးနှံ ပေးနေချိန်မှာ လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ထပ်မံ ဆေးရရှိမှု အပေါ်မူတည်ပြီး ဦးစားပေးအုပ်စုတွေ အလိုက် ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမယ့် အစီအစဉ်က ဦးတည်အုပ်စု (၆)အုပ်စု ရှိပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် ရှိတယ်၊ ရဟန်းသံဃာ၊ သီလရှင်တွေ ရှိတယ်၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဘိုးဘွားရိပ်သာတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ရှိပါတယ်။ အဲဒီ ၆ အုပ်စုကို ဦးစားပေး ထိုးနှံနေပါတယ်။ သြဂုတ် ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိ ထိုးနှံပေးမှာပါ။ နေ့စဉ်မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ ထိုးနှံပေးနေပါ တယ်။ ဆေးထိုးတဲ့ နေရာမှာ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ အဝေး ဖြစ်အောင်တန်းစီတယ်၊ ပြီးရင် ကြက်ခြေနီတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတ အဖွဲ့တွေ၊ ရပ်ကွက်၊ ကျေးရွာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စနစ်တကျ ဆေးထိုးနှံပေး ပါတယ်။ ဆေးမထိုးမီနဲ့၊ ဆေးထိုးပြီးရင် လည်း နားနေလို့ရအောင် နေရာတွေ စီစဉ်ထားပါတယ်။ စနစ်တကျရှိဖို့ အမြဲတမ်းစောင့်ကြည့် ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ဒေါက်တာ ဝေယံအောင် (ဆေးရုံအုပ်၊ ဇေယျာသီရိမြို့နယ် ခုတင်-၅၀ ဆေးရုံ) တရုတ်နိုင်ငံထုတ် Sinopham ကိုဗစ် -၁၉ ကာကွယ်ဆေးကို ထိုးနှံပေး နေခြင်း ဖြစ်ပါတယ်။ Sinopham ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြား ကာကွယ်ပေးနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက်ပြည်သူတွေကို Sinopham ကာကွယ်ဆေး ထိုးတာဘေးထွက် ဆိုးကျိုးမတွေ့ရဘူး။ ခုဆေးကို တစ်နေ့ကို ပြည်သူ ၄၀၀နှုန်းနဲ့ ၃ ရက် ၁၂၀၀ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးသင့်ပါတယ်။ ဆေးထိုးနှံရာမှာလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ နှာခေါင်းစည်း တပ်လာမယ်။ Face Shield တပ်လာမယ်၊ လူစုလူဝေး မဖြစ်အောင် ၆ ပေ အကွာနေမယ်။ ဆေးထိုးတဲ့နေရာမှာ ကိုဗစ်ကူးစက်မှု မဖြစ်အောင် ကျန်းမာရေးဌာနက စနစ်တကျ စီစဉ်ထားပါတယ်၊ ဒီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ လိုက်နာရမယ့် အချက်အလက်တွေ | ကိုတော့ ပြည်သူတွေအားလုံး လိုက်နာစေချင်ပါတယ်၊ ဒါမှပဲ ကိုဗစ်ရောဂါ ကူးစက်မှုဘေးကနေ ကင်းဝေးကြမှာပါလို့ အကြံပြုပြောကြားချင်ပါတယ်။ ဦးသန်းထွေး (ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်) အသက် ၆၅ နှစ်နဲ့အထက် ကိုဗစ် ကာကွယ်ဆေး ထိုးပေးမယ်ဆိုတဲ့ သတင်းကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ ကြေညာပါတယ်။ ဆေးထိုးပေးမယ့်နေ့ကို မြန်မာ့ အလင်းသတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လည်း ကြေညာပေးပါတယ်။ ဆေးမထိုး ခင်မှာ သွေးပေါင်ချိန်တိုင်းတာတာတွေ၊ အောက်ဆီဂျင် တိုင်းတာတွေလုပ်ပေးပြီးမှ ဆေးထိုးပေးပါတယ်။ ကျွန်တော့်မှာက ရင်ကျပ်ရောဂါရှိတော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် စိုးရိမ်စရာမရှိဘူး ကာကွယ်ဆေးထိုးလို့ရတယ် ပြောတယ်။ အရင်တစ်ကြိမ် ကာကွယ်ဆေး ထိုးပေးတုန်းက ရင်ကျပ်နေတဲ့အချိန်နဲ့ ကြုံလို့ မထိုးခဲ့ရဘူး။ ဒီတစ်ကြိမ်တော့ ရအောင်ထိုးမယ်ဆိုပြီးတော့ လာထိုးတာပါ။ ကာကွယ်ဆေး ထိုးခွင့်ရတော့ ဝမ်းသာသွားတယ်။ ခုလိုမျိုးရောဂါတွေ ဖြစ်ပွားနေချိန်မှာ ရာခိုင်နှုန်းအပြည့် မကာကွယ်နိုင်ရင်တောင် အပြင်းအထန် မခံစားရတော့ဘူးပေါ့။ အသက်အရွယ်ကြီးတဲ့ ပြည်သူတွေ ကိုဗစ်-၁၉ ကူးစက်ခံရရင် များသောအားဖြင့် အသက်ဆုံးရှုံး မှုများပါတယ်၊ ကာကွယ်ဆေးထိုးထားတော့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံသားအားလုံးက ကာကွယ်ဆေးထိုး ထားသင့်ပါတယ်။ ဆေးထိုးထားတော့ ရောဂါကူးစက်မှုနှုန်းတွေ အများကြီး ကျသွားနိုင်တယ်။ အဲဒါကြောင့် ပြည်သူအားလုံးကို ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်။ အရှင်သောပါက (မူလေးပင်ရွာဦး ကျောင်းတိုက်၊ မင်းကုန်းအုပ်စု၊ ဥတ္တရမြို့နယ်) ကာကွယ်ဆေးထိုးတာက ခုခံအားတွေ ကောင်းလာမယ်လို့ ယုံကြည်လို့ လာထိုးဖြစ်တာပါ။ ကိုဗစ်-၁၉ ရောဂါက ကူးစက်နှုန်းမြန်တယ်၊ အသေမြန်တယ်။ ပြီးတော့ ရောဂါပိုးက ချောင်းဆိုး၊ နှာချေရင် လေထုထဲ ပျံ့နှံ့နိုင်တယ်လို့ ဘုန်းဘုန်းတို့သိထားပါတယ်။ ဘုန်းဘုန်းတို့က လူသူထူထပ်တဲ့ နေရာတွေကို ဆွမ်းခံကြွရတော့ ကာကွယ်ဆေးထိုးထားမှ သင့်တော်မယ်လို့ယုံကြည်တယ်။ ရောဂါကာကွယ်နိုင်အောင် အပြင်မထွက် ဘဲတော့နေတယ်။ အပြင်ထွက်ရင် အတတ်နိုင်ဆုံး Mask တပ်တယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်မှာကူးလာရင် အားလုံးအတွက် မကောင်းဘူး။ ဘုန်းဘုန်းတို့က ဗုဒ္ဓဘာသာဆိုတော့ ခုအချိန်မှာ တရားဘာဝနာအားထုတ် သင့်တယ်။ ပရိတ်တရားတော်တွေ ကိုယ်တိုင်ရွတ်ဖတ်သင့်တယ်။ တီဗွီ၊ ရေဒီယိုတွေကလာတဲ့ ပရိတ်တရားတော် တွေကိုလည်း နာကြားသင့်တယ်။ မိမိတို့ ကိုယ်တိုင်ကပဲ ကာကွယ်ကြပါလို့ အကြံပြုပါတယ်။ ဦးမောင်မောင် (ဇီးကုန်းကျေးရွာ၊ ပျဉ်းမနားမြို့နယ်) အသက် ၆၅ နှစ် နဲ့အထက် သက်ကြီးရွယ်အိုတွေ ကိုဗစ်ကာကွယ်ဆေး ထိုးရမှာကို ကျေးရွာအုပ်ချုပ် ရေးမှူးက အမှတ် (၃) ကျောင်းမှာ သွားထိုးရမယ်လို့ ကြေညာပေးလို့ သိတာပါ။ ကိုဗစ်-၁၉ ရောဂါက အခုတတိယလှိုင်းမှာ ပိုဆိုး တယ်။ တီဗွီ၊ ရေဒီယို၊ လူမှုမီဒီယာတွေက တစ်ဆင့်သိရတယ်။ ဆေးထိုးရမယ်ဆိုတော့ ကျန်းမာရေးကကောင်းတော့မှာပဲဆိုပြီး စိတ်ထဲ ဝမ်းသာသွားတာပေါ့။ ပထမအကြိမ်က ဗိုက်ခွဲထားတော့ မထိုးလိုက်ရဘူး။ ဆေးထိုးရမယ်ဆိုပြီး ဇီးကုန်းကျေးရွာကနေ ပျဉ်းမနားမြို့ကို နာရီဝက် ဆိုင်ကယ်နဲ့ လာခဲ့တယ်။ သာမန်ပြည်သူတွေငွေနဲ့ဝယ်ပြီးထိုးနှံလို့ မရတဲ့ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတော်က အခုလို အခမဲ့ထိုးနှံပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ဦးတင်အောင်လှ (ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့) အစောပိုင်း ကာကွယ်ဆေးထိုး ပေးနေတဲ့အချိန်က အကြောင်းအမျိုးမျိုးကြောင့် မထိုးလိုက်ရဘူး။ အခုရောဂါက ပြင်းထန်လာတဲ့အတွက် လာပြီးထိုးဖြစ်တာပါ။ ဆေးထိုးပြီးပြီးဆိုတော့ ထိုက်သင့်အားလျော်စွာ စိတ်လုံခြုံမှု ရှိလာတယ်။ ကာကွယ်ဆေးထိုးတာက ကြိုတင်ကာကွယ်တဲ့ သဘောပဲ။ ကိုဗစ် -၁၉ က ကူးစက်မှု မြန်တယ်။ အသက် ၆၀ ကျော်တွေ ကူးစက်ခံရရင် အသက်ဆုံးရှုံးမှုတွေ များကြတယ်။ အခုနောက်ပိုင်းဆိုရင် လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ ကူးစက်ခံရရင်လည်း အသက်ဆုံးရှုံးမှုတွေ ရှိလာတယ်။ ကာကွယ်ဆေးက မဖြစ်မနေထိုးမှရမယ်။ ဆေးမထိုးရသေးတဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တချို့ သက်ကြီးရွယ်အိုတွေက သွားရလာရခက်တယ်၊ ကျွန်တော့် အမျိုး သမီးဆိုရင် လေဖြတ်နေပြီး သွားလာဖို့ အခက်အခဲရှိတဲ့အတွက် ဆေးလာထိုးလို့ မရဘူး။ သွားလာရခက်ခဲတဲ့ သက်ကြီး ရွယ်အိုတွေကို သူနာပြုတွေ၊ ဆရာဝန်တွေက အိမ်တွေအထိ လိုက်လံပြီး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခုချိန်မှာ Mask တပ်ရုံနဲ့ မဖြစ်တော့ ဘူး။ အခြေအနေက ဆိုးလာတော့ အနေ အထိုင်၊ အသွားအလာ၊ အပြောအဆို၊ အကွာအဝေး စတာတွေကိုသတိထားပြီး နေထိုင်လုပ်ကိုင်ရမယ်။ ရောဂါကူးစက်မှု များတာက လူတွေရဲ့ ကျန်းမာရေး အသိ အားနည်းတာတွေကြောင့်လည်း ပါတယ်။ ကျန်းမာရေးအသိရှိပေမယ့် လိုက်နာနိုင်မှု အားနည်းတာတွေလည်း ရှိတယ်။ ဘဝမှာ အရေးအကြီးဆုံးက ကျန်းမာရေးပဲ။ ကျန်းမာမှ ကျန်တာလုပ်ချင်တာ လုပ်လို့ရမယ်။ မကျန်းမာရင် ဘာမှမလုပ်နိုင်ဘူး။ လူပိုဖြစ်ပြီး ကျန်တဲ့ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်ရတယ်။ ဘယ်အစိုးရပဲ တက်တက်ကျန်းမာရေးကိုအဓိကဦးစား ပေးပြီး စေတနာထား လုပ်ပေးစေချင် တယ်။ ကျန်းမာရေးဝန်ထမ်း အင်အားလည်း နည်းနေတယ်လို့ သိရတယ်။ ဝန်ထမ်းအင်အား ပြန်ပြည့် လာရင် ရောဂါကာကွယ်ရေးအတွက် ပိုထိရောက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။ ဒေါ်အေးအေးမြင့် (မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့) ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရပ်ကွက်ရုံးက အကြောင်းကြားလာပါတယ်။ အခု ကာကွယ်ဆေးထိုးပြီးပြီဆိုတော့ ကိုဗစ်ရောဂါ မကူးစက်နိုင်တော့ဘူးလို့ထင်တာပဲ။ အသက် ၆၅ နှစ်ကျော်တွေက ကိုယ်ခံအားနည်းတယ်။ အဘွားတို့လို သက်ကြီးဘိုးဘွားတွေကို နိုင်ငံတော်က ဦးစားပေးအစီအစဉ်အနေနဲ့ ကာကွယ်ဆေးထိုးခွင့် ပေးတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ ကိုဗစ်ရောဂါဖြစ်ရင် ဖျားမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ချောင်းဆိုးမယ်၊ အနံ့ပျောက်မယ် ဆိုပြီးသိထားပါတယ်။ သက်ကြီးပိုင်းရောက်လာတော့ စိုးရိမ်မှုတော့ ရှိတယ်။ ဒေါ်သိန်းသိန်း (အုတ်ကျဉ်းရပ်ကွက်၊ ပျဉ်းမနားမြို့) အခုကာကွယ်ဆေးက ထိုးမှဖြစ်မယ်။ အခုက ဆေးထိုးပြီးပြီ ဆိုတဲ့ အသိစိတ်နဲ့ စိတ်ထဲမှာ တော်တော်လေးပေါ့သွားသလို စိတ်လည်းချမ်းသာသွားတယ်။ ဆေးမထိုးခင်တုန်းကနဲ့ စိတ်ခံစားမှုကွာတယ်။ ကျွန်မရဲ့ အမျိုးသားကတော့ ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးပြီးသွားပြီ။ ဆေးထိုးပြီး အိပ်ကောင်းစားကောင်းနဲ့ဆိုတော့ သူ့ကိုအားကျပြီး ဆေးလာထိုးတာ။ ပထမတော့ မယုံကြည်လို့တော့မဟုတ်ဘူး၊ မထိုးဘူးဆိုပြီး နေလိုက်တာ။ အခုက ကိုဗစ်-၁၉ ရောဂါ က ကူးစက်မှုတော်တော်များလာတော့ လာထိုးတာပါ။ ရပ်ကွက်ထဲမှာလည်း ကာကွယ်ဆေးမထိုးရဲတဲ့ သူတွေ ရှိတယ်။ ကာကွယ်ဆေးထိုးတာ နာလည်းမနာပါဘူး။ ရောဂါအခံနဲ့ စစ်ဆေးမှုတွေ လုပ်ပြီးတော့မှ ထိုးပေးတာဆိုတော့ အန္တရာယ်ကင်းတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ကို မကြောက်ကြပါနဲ့ ပြောချင်ပါတယ်။ ကျွန်မက ပတ်ဝန်းကျင်ကသူတွေအတွက် စိုးရိမ်တယ်။ ဒါကြောင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ်။ ဦးသန်းထွေး တွေ့ဆုံမေးမြန်း- ဟန်ဂျိုင်း၊ ဓာတ်ပုံ- ကိုသန်း