ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် EMBA 20th Batch မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်အမှာစကားပြောကြား
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် EMBA 20th Batch မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်အမှာစကားပြောကြား
Ministry of Education/ ရန်ကုန် / August 26, 2023
ရန်ကုန် ၂၀၂၃ ဩဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင်ရှိ စီးပွားရေးစီမံခန့်ခွဲမှုပညာဌာန၌ ကျင်းပသော အကြိမ် (၂၀)မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍမှ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာရှင်များ၊ ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးရန်နှင့် ပညာရေးဝန်ကြီးဌာနမှ အသိပညာရှင်များ၊ တွေးခေါ်မြော်မြင်သူများ၊ စီမံကိန်းရေးဆွဲသူများ မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ယခုဖွင့်လှစ်သော EMBA သင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်း၏ အရေးပါသောရာထူးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်စေ အဓိကအရည်အသွေး လေးရပ် လိုအပ်ကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ Skills များ၊ အင်္ဂလိပ်စာတတ်ကျွမ်းမှုနှင့် အိုင်စီတီကျွမ်းကျင်မှုတို့ ဖြစ်ကြောင်း၊ အဆိုပါ အရည်အသွေးလေးရပ်ကို အလုပ်ကြိုးစားမှု၊ အလုပ်အပေါ်သစ္စာရှိမှုဖြင့် ပေါင်းစပ်ဖြည့်ဆည်း ပေးမည်ဆိုပါက ထူးချွန်ထက်မြတ်အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ထိပ်တန်းအရာရှိကြီးများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ တစ်ဆက်တည်းဆိုရလျှင် အလုပ်အပေါ်သစ္စာရှိသကဲ့သို့ နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ ပေးနိုင်သူများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းအလုပ်အမှုဆောင်အဖွဲ့ဝင်များက မိတ်ဆက်စကားပြောကြား၍ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ EMBA 20th Batch အွန်လိုင်းသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၉၇ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး လှိုင်နယ်မြေ ပါရမီလမ်းမပေါ်ရှိ ဘွဲ့လွန်အသုံးချဘူမိဗေဒဌာန၌ ကျောက် အမျိုးအစားခွဲခြားသည့် စက်နှင့်စက်ပစ္စည်းများ၊ စာသင်ခန်းနှင့်စာကြည့်တိုက်၊ လှိုင်နယ်မြေရှိ သိပ္ပံပစ္စည်းအလုပ်ရုံ၌ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများအတွက် သိပ္ပံလက်တွေ့ ခန်းသုံးပစ္စည်းများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
