ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်

ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး တက်ရောက်


Ministry of Information/ Naypyitaw / June 25, 2022
image_latest


နေပြည်တော် ဇွန် ၂၄

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ ရင်းနှီမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ် H.E Dato’ Zainuddin Yahya တို့က ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများက ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်(Eminent Person-EP)များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး အစီရင်ခံစာအပေါ် လမ်းညွှန်မှု ပေးခြင်း၊ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးအတွက် သက်ဆိုင်သူ အားလုံး (Stakeholders) နှင့် ဆွေးနွေးမည့်အစီအစဉ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်တို့မှ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များ (Core Elements) နှင့် အာဆီယံအဖွဲ့အစည်း ခိုင်မာစေခြင်းနှင့် စွမ်းဆောင်ရည် အားကောင်းစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အကြံပြုချက်စာတမ်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ပြုစုထားသည့် သဘောတရားစာတမ်းတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အဆင့်မြင့် လုပ်ငန်းအဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းနိုင်ရန်အတွက် အဆိုပြုချက်များ ပေးပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပြုချက်များကို အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ လက်ရှိအာဆီယံအသိုက် အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုနှင့် ကာလလယ် သုံးသပ်ချက်ကိုအခြေခံ၍ ဆက်လက် ဆောင်ရွက်သင့်သည့်အချက်များ၊ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ တိုးတက်ပြောင်းလဲမှု၊ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း‌မှု၊ ကမ္ဘာ့ကပ်ရောဂါ များနှင့်ဆိုင်သည့် အသစ်ပေါ်ထွန်းလာနိုင်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်အချက်များ၊ ပြင်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရာတွင်လည်း ပိုမိုစည်းလုံးသည့် အားလုံးပါဝင်သော တုံ့ပြန်နိုင်မှု အားကောင်းသည့် အဖွဲ့အစည်းအဖြစ်နှင့် အာဆီယံ၏ အချက်အချာကျမှုနှင့် ဦးဆောင်မှု မြှင့်တင်နိုင်မည့် အချက်များကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဓိကအရေးကြီးသည့် အခြေခံမူမှာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူဘောင်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို အကြံပြုဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များလည်း တက်ရောက်သည်။

သတင်းစဉ်