ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သကြား ကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သကြား ကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / October 09, 2019
image_latest


နေပြည်တော် အောက်တိုဘာ ၉

 

သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်နှင့် ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလှကျော်နှင့် ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများ စုံညီစွာပါဝင် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် ကြံ တို့ကို အဓိကစိုက်ပျိုး ထုတ်လုပ်ပါကြောင်း၊ စိုက်ပျိုးရေးသီးနှံများနှင့် စပ်လျဉ်းသည့် ဈေးကွက်များကို လေ့လာ ကြည့်မည် ဆိုလျှင် ဈေးကွက်ကန့်သတ်ချက်များရှိလာပါကြောင်း၊ ဆန်စပါးလုပ်ငန်းများနှင့် ပတ်သက်၍ ဈေးကွက်ကန့်သတ်ချက်များရှိသဖြင့် ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုများပြု လုပ်ခဲ့ပါကြောင်း၊ ပဲနှင့်ပတ်သက်၍ ဈေးကွက်ကန့်သတ်ချက် ရှိသော်လည်း အဓိကဝယ်ယူသည့်အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကိုမူတည်၍ ဆောင်ရွက် ရပါကြောင်း၊ ကြံနှင့်စပ်လျဉ်း၍ ဈေးကွက်ကန့်သတ်ချက်များရှိ လာသည်ကို သိရှိရပါ ကြောင်း။

 

စက်တင်ဘာ (၁၉) ရက်ကကျင်းပခဲ့သည့် Sugar Forum တွင် ကြံ စတင် စိုက်ပျိုးသည်မှ ဈေးကွက်ရောက်သည်အထိ ဟန်ချက်ညီဆောင်ရွက်နိုင်မည့် မူဝါဒများ ဆွေးနွေးခဲ့သည်ကို သိရပါကြောင်း၊ ဖိုရမ်တွင်ကြံစိုက် ပျိုးခြင်းမှသည် ဈေးကွက်အထိ ဟန်ချက်ညီဆောင်ရွက်နိုင်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်သင့်သည့် အချက်အလက် များဖြစ်သည့် Short term ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၅ရပ်၊ Medium term ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၅ရပ်၊ Long term ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ၂ ရပ်၊ စုစုပေါင်း လုပ်ငန်းစဉ် ၁၂ ရပ်တို့ကိုဖေါ်ထုတ်ခဲ့သည်ကို သိရပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ပစ္စည်းအမယ်များတွင် အလားအလာ အကောင်းဆုံးနှင့် ဈေးကွက်ကန့်သတ်ချက် အနည်းဆုံး ဖြစ်သည့် ပို့ကုန်သည်ရေထွက်ပစ္စည်းဖြစ်သော ငါးနှင့် ပုဇွန်မွေးမြူ ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း၊ ကြံ၊ သကြားနှင့် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့ရသည့်အခက်အခဲများ၊ ရင်ဆိုင်ကျော်လွှား နိုင်မည့်နည်းလမ်းများ၊ လက်ရှိဖြစ်ပေါ်နေသည့် အဖြစ်အပျက်များနှင့် အကြံဥာဏ်များကို ရယူဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ရရှိသည့်အချက်အလက်များကို အခြေခံ၍ အစည်းအဝေးများထပ်မံကျင်းပခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းစသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။

 

အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် တင်ပြဆွေးနွေး လိုသည်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ပွင့်လင်းမြင်သာစွာ ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးလင်းက နှစ်စဉ်ပြည်တွင်း သကြားထုတ်လုပ်မှု၊ သကြားစက်ရုံများမှ အီသနော ထုတ်လုပ်မှု၊ ကြံသကြား ကဏ္ဍနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရ သည့်အခက်အခဲများ၊ ကျော်လွှားနိုင်မည့်နည်းလမ်းများ၊ ကြံသကြား စက်မှုလုပ်ငန်းများ ရေရှည်ရပ်တည် ရှင်သန်ရေး၊ အိမ်နီးချင်းနိုင်ငံများ၏ သကြားထုတ်လုပ်မှု အခြေအနေ၊ သကြားစက်ရုံများ၏ ဘေးထွက်ပစ္စည်းများမှ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်မှုအခြေအနေ၊ အစားထိုးလောင်စာ စွမ်းအင်ထုတ်လုပ်မှုနည်းပညာနှင့် စွမ်းရည်ဖွံ့ဖြိုးမှုအခြေအနေ၊ သကြားစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမှု အခြေအနေများ စပ်လျဉ်း၍လည်းကောင်း၊ အဖွဲ့ဝင် ဦးတင်မောင်က ကြံတစ်ဧကစိုက်ပျိုးထုတ်လုပ်မှု၊ သကြားစက်ရုံများတည်ဆောက်ထားရှိမှု၊ ကြံမှအီသနောထုတ်လုပ်မှု၊ တင်လဲရည်ထုတ်လုပ်မှု၊ ပြည်ပသို့တင်ပို့ရောင်းချမှု၊ ကြံဘေး ထွက်ပစ္စည်းများ အသုံးချနိုင်မှု၊ ကြံနှင့်သကြား စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပြည်တွင်းလုပ်သားများ အလုပ်အကိုင် ရရှိမှုများကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်က မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းထုတ်လုပ်မှုအခြေအနေ၊ ငါး၊ ပုဇွန်ဖမ်းဆီးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ခေတ်မီကိရိယာ များလိုအပ်မှုအခြေအနေ၊ အရည်အသွေးကောင်းမွန် သည့် ထုတ်ကုန်များ အတွက်စက်ရုံများ လိုအပ်မှုအခြေအနေ၊ မွေးမြူရေးနည်းစနစ်များ ခေတ်မီရေး၊ ငွေကြေးအရင်းအနှီး ရရှိရေးနှင့် ဈေးကွက်တွင် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဈေးကောင်းရရှိရေးဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို လည်းကောင်း၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ရေလုပ်ငန်းအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ၏ မိရိုးဖလာမွေးမြူရေးစနစ်မှ ခေတ်မီမွေးမြူရေးစနစ်သို့ မဖြစ်မနေ ပြောင်းလဲရန် လိုအပ်မှုအခြေအနေ၊ အိမ်နီးခြင်းနိုင်ငံများနည်းတူ ရေသတ္တဝါမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလိုအပ်သည့် အခြေအနေများနှင့် ခေတ်မီမွေးမြူရေး လုပ်ငန်းစမ်းသပ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်တို့က သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရှင်းလင်း ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးကြသည်။

 

ယင်းနောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေး ဦးဆောင်အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သကြား ကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်း ကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

Ref; Myanmar President Office