နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မောင်မယ်သစ်လွင်ကြိုဆို
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မောင်မယ်သစ်လွင်ကြိုဆို
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 18, 2022

ဘားအံ - ဇွန် (၁၇)
နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို နံနက် ၁၀ နာရီခန့်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အမ်အီး ဘွဲ့ရ(၅)ဦး၊ ဘီအီးဘွဲ့ရ (၁၀၈၉)ဦး၊ ဘီတက်ချ်ဘွဲ့ရ(၁၁၇၆)ဦး၊ အေဂျီတီအိုင်ဒီပလိုမာလက်မှတ်ရ(၁၅၄၀)ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ သစ်လွင်မောင်မယ်များအနေဖြင့် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တင့်တယ်ပြီး ဉာဏ်ရည်၊ နှလုံးရည် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအားမြင့်မားသည့် ထူးချွန်ထက်မြက်သော ပညာ မျိုးဆက်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်ကိုကောင်းကျိုးပြုမည့် အရည်အသွေးမြင့်မား သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ်က သင်ကြား၊ သင်ယူမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအတွက် ငွေကျပ် ၁၄၆၀၀၀၀ (တစ်ဆယ့် လေးသိန်းခြောက်သောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/သူများက လက်ခံရယူကြပြီး တက္ကသိုလ် King & Queen ရွေးချယ်ခြင်းနှင့်အတူ တိုင်းရင်းသားတို့၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ၂၀၁၉-၂၀၂၂ ပညာသင်နှစ်တွင် B.E ပဥ္စမနှစ်အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ မေဂျာအလိုက်ပထမဆုရရှိသူများ၊ တိုင်းရင်းသားအကအလှများဖြင့်ဖျော်ဖြေကြသည့်အဖွဲ့ များနှင့် တက္ကသိုလ် King ၊ Queen ရရှိသူများအား အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး မောင်မယ်သစ်လွင် များကိုယ်စားကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ပထမနှစ် မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူ ၇၃ ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် ပထမနှစ်ဝက်ဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူ ၁၄၇ ဦး၊ ဆဌမနှစ် ကျောင်းသား၊ကျောင်းသူ ၃၃ ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၂၅၃ ဦး အား ဆရာ၊ ဆရာမ ၆၃ ဦးဖြင့် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။




