နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၃၈၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၃၈၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 13, 2023
image_latest


နေပြည်တော် ဧပြီ ၁၃

သင်္ကြန်ဆိုသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ကူးပြောင်းခြင်း” ဟု အဓိပ္ပယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောအဓိပ္ပယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်း ခေါ်သည်။ အတာသည်လည်းနှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပယ်ရသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့်ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကို အေးမြစေကြောင်းရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။

ထို့သို့ပျော်ရွှင်စွာ ဆင်နွှဲလျင်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ် အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိုနှိုင်းကပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်တို့က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

၎င်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “ ရက်မြတ်သင်္ကြန်” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့အတူ ယနေ့ညနေပိုင်းတွင်လည်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော်တိုင်းမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို အသီးသီးသွားရောက် ဖွင့်လှစ်ပေးကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်သည်။

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်သည်။