ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / February 11, 2025


နေပြည်တော် ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားမြှင့် တင်ရေးလှုပ်ရှားမှုအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းစီစဉ်ကျင်းပသည့် ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းအဆင့်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှတာဝန် ရှိသူများ၊ ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် -၂၀၂၅ တွင် ပါဝင်စီးနင်းကြမည့် စက်ဘီး စီးအားကစားသမားများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက စက်ဘီးစီးအားကစားသများအား သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့ ပန်းဝင်ရောက်ရှိလာကြသည့် စက်ဘီးစီးအားကစားသမားများအားကြိုဆို၍ အမှတ်တရ လည်ဆွဲတံဆိပ်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းအတွင်း ခရီးသွားဧည့်သည်များ အပန်းဖြေ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအား ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၆၈ လမ်းတွင်ဖွင့်လှစ်ထားသည့် သတင်းနှင့်ပြန်ကြားရေး ကောင်တာ၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် မန္တလေးစွမ်းဟိုတယ်နှင့် ထွန်းလှဟိုတယ်လုပ်ငန်း လည်ပတ်နေမှုနှင့် ခရီးသည်တည်းခိုမှုအခြေအနေများကို ကြည့်ရှိစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန မန္တလေးရုံးခွဲသို့သွားရောက်ပြီး ရုံးခွဲတွင်တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊အမှု ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: Myawady