ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Industry/ Ministerial Office / May 02, 2025

နေပြည်တော်၊ မေ (၂)
ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဘိလပ်မြေစက်ရုံအချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါစက်ရုံများ စက်စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီဖြည့်ဆည်း ဆောင်ရွက်မှုများကို အပြည့်အဝပံ့ပိုးပေးရမည်ဖြစ်ကြာင်း၊ ပြင်းထန်သည့် မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်/အဆောက်အဦများ၊ စက်ရုံ/အလုပ်ရုံများ၊ လမ်းတံတား များ၊ ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သောသွင်းအားစုများ အပြည့်အဝရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၏ သွင်းအားစုများဖြစ်သည့် ထုံးကျောက်၊ ဂေါ်ဒန်၊ သဲ၊ ကျောက်မီးသွေး စသည့် ကုန်ကြမ်းပစ္စည်းများအား စက်ရုံတစ်ရုံချင်းစီအလိုက် တွက်ချက်ပြုစုထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် သံ၊ သံမဏိစက်ရုံ များ၏ လိုအပ်ချက်များကိုလည်း တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံအလိုက် ထုတ်ကုန်များ အရည်အသွေးပြည့်မီစေရေးအတွက် စစ်ဆေးလျက်ရှိသည့် ဓာတ်ခွဲခန်းသုံးဓာတုဗေဒပစ္စည်းများ၏ လိုအပ်ချက်များကိုလည်း စိစစ်တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါဓာတုဗေဒပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လအလိုက် ဘိလပ်မြေနှင့် သံ၊ သံမဏိလိုအပ်ချက်များကို ခန့်မှန်းတွက်ချက်ထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၏ လအလိုက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကိုလည်း ညှိနှိုင်းတောင်းခံထားရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေစက်ရုံများနှင့် သံ၊ သံမဏိစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံတစ်ခုချင်းစီ၏ လိုအပ်ချက်များကို သိရှိအောင်ဆောင်ရွက်၍ အစွမ်းကုန် ဖြည့်ဆည်းကူညီပေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရှိပြီးအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးပြု၍ ပြည်သူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို မြန်ဆန်တိကျစွာဖြင့်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်၍ စက်ရုံအလိုက်မှတ်တမ်းထားရှိပြီး ဘူမိဗေဒနှင့်သက်ဆိုင်သည့် သုံးသပ်ချက်များကိုလည်း ပြုစုမှတ်တမ်းထားရှိရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ပြည်တွင်း၌ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၏ ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းသွင်းအားစုများ လိုအပ်မှုအခြေအနေများကို စက်ရုံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်အခြေအနေ၊ စက်ရုံအသီးသီး၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
