ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ “ရောင်နီဦး” ရတနာရွှေဆိုင်ကို သေနတ်ဖြင့် ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှု ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ “ရောင်နီဦး” ရတနာရွှေဆိုင်ကို သေနတ်ဖြင့် ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှု ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 13, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ “ရောင်နီဦး” ရတနာရွှေဆိုင်ကို သေနတ်ဖြင့်ထောက်၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် “ရောင်နီဦး” ရတနာရွှေဆိုင်တွင် ဆိုင်ပိုင်ရှင် ဒေါ်အေးအေးမွန်(၄၃)နှစ်နှင့် ဝန်ထမ်းဖြစ်သူ မချစ်ကဗျာ(၁၉)နှစ်တို့ ရှိနေစဉ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဆိုင်အတွင်းဝင်ရောက်လာပြီး အမျိုးသားမှ ဒေါ်အေးအေးမွန်အား သေနတ်(အတို)ဖြင့် နားထင်အားထောက်၍ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများအား အိတ်အတွင်းထည့်ခိုင်းစဉ် ဒေါ်အေးအေးမွန်မှ သေနတ်အား ပုတ်ထုတ်ခဲ့ရာ ၎င်းအမျိုးသားမှ သေနတ်ဖြင့်ထု၍ လက်သီးဖြင့်ထိုးခဲ့ပြီး ၎င်းနှင့်အတူပါလာသူ အမျိုးသမီးမှ ရွှေထည်ပစ္စည်းများ ထည့်ထားသည့် ဘူးတစ်ဘူးအား လုယက်ယူဆောင်စဉ် မချစ်ကဗျာမှ ပြန်လည်လုယူခဲ့ရာ အဆိုပါအမျိုးသမီးမှ လက်သည်းဖြင့် ကုတ်ခြစ်ကာ တွန်းထုတ်၍ ထွက်ပြေးသွားခဲ့သည်။
ဒုစရိုက်ပြစ်မှုကျူးလွန်သူများအား မလိုလားသည့် ပြည်သူများနှင့် အဆိုပါရပ်ကွက်အတွင်း ရောက်ရှိနေသည့် နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ်(၁)လမ်းပေါ်၌ လုယက်မှု ကျူးလွန်သူများဖြစ်ကြသည့် ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာနေ သန်းတိုးအောင်(၂၈)နှစ်နှင့် ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေ ယမင်း(ခ)ရေဟန်(၂၅)နှစ်တို့အား ၎င်းတို့ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သေနတ်အတု နှစ်လက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား တစ်ချောင်း၊ CZI အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ၎င်းတို့လုယက်ယူဆောင်သွားသည့် ရွှေလက်စွပ် ၁၃ ကွင်း၊ ရွှေနားကပ် ရှစ်ရံ၊ ရွှေဆွဲသီး တစ်ခု (ကာလတန်ဖိုးငွေကျပ် ၄၆ သိန်းကျော်ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့ လုယက်မှုကျူးလွန်စဉ် ထုနှက်၊ ထိုးကြိတ်၊ ကုတ်ခြစ်ခဲ့မှုကြောင့် ဒေါ်အေးအေးမွန်တွင် ဦးခေါင်းနှင့် မျက်နှာတို့တွင်လည်းကောင်း၊ မချစ်ကဗျာတွင် ဦးခေါင်း၌လည်းကောင်း ဖူးရောင် ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့သဖြင့် ပျဉ်းမနားမြို့၊ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိကြောင်းနှင့် ဖမ်းဆီးရမိ တရားခံ သန်းတိုးအောင်နှင့် ယမင်း(ခ)ရေဟန်တို့အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး၍ ထိရောက်သော ပြစ်ဒဏ်ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
