ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan(Venerable MOKTAK) အား လက်ခံတွေ့ဆုံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan(Venerable MOKTAK) အား လက်ခံတွေ့ဆုံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး


Ministry of Religious Affairs & Culture/ Naypyitaw / December 11, 2023
image_latest


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ကိုရီးယား သမ္မတနိုင်ငံကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ Sang Kyung Chan (Venerable MOKTAK) အား ၁၀-၁၂-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်)ရုံးခွဲ၌ လက်ခံတွေ့ဆုံသည်။

 

 

   တွေ့ဆုံစဉ် ကိုရီးယား-မြန်မာချစ်ကြည်ရေးအသင်းမှ မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နေမှု၊ ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ကိုရီးယားနိုင်ငံတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများအတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

 

 

 

 

   တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်သာသနာရေးဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် နှစ် ၃၀ ကာလအတွင်း အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်ချိန်မှ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ဘွဲ့နှင်းသဘင် (၂၄) ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ ၂၆၀၂ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၃၈၄ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၁၀၅ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၁၂၁၀ ဦး၊ အချိန်ပိုင်း အနုပညာဒီပလိုမာ ၆၃၂ ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ ၂၈၁၅ ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ၆၅ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၉ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၂၁ ဦး၊ စုစုပေါင်း ၇၈၆၉ ဦးတို့ကို ဘွဲ့ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း။

   တက္ကသိုလ်၏ ဂုဏ်နှင့် အဆင့်အတန်းကို ဘက်ပေါင်းစုံမှမြှင့်တင်ပေးခြင်းဖြင့်  တက္ကသိုလ်၏  ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း၊  သင်ကြားမှုအပိုင်း အရှိန်အဟုန်မပြတ်အောင် ကြိုးပမ်းဆောင်ရွက်နေကြရန်လိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုသည် လွန်စွာအရေးကြီးကြောင်း၊ ယဉ်ကျေးမှု၏ ကျယ်ပြန့်နက်နဲမှုများစွာထဲမှ သုခုမအနုပညာရပ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းနှင့် ထွန်းကားပြန့်ပွားစေခြင်းကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင်၊ ခေတ် အဆက်ဆက် မော်ကွန်းတွင်ရစ်အောင်၊ လူမျိုးဂုဏ်နှင့် ဇာတိဂုဏ်ကို ပိုမိုထွန်းပြောင်အောင် အမျိုးသားရေး တာဝန်များကျေပွန်ကြရန် အားလုံးအတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

   ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်က တက္ကသိုလ်၏ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး စွယ်တော်ဆောင်ရှိ မော်ကွန်းတိုက်နှင့် Art Gallery၊ တက္ကသိုလ်ဝန်းအတွင်းရှိ မန်ကျည်း ပျိုးခင်းနှင့် ထန်းပင် စိုက်ပျိုးထားသောနေရာများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းခွင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန