ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP)၏ (၄၀) ကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP)၏ (၄၀) ကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / August 26, 2025

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP)၏ (၄၀) ကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနားနှင့် မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ဩဂုတ် ၂၅
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန(CIRDAP)၏ (၄၀) ကြိမ်မြောက် CIRDAP (ဆာဒက်) နည်းပညာကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ THE ERAVATI SULE GRAND ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဦးဇော်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဖိတ်ကြားထားသော အရာရှိကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(CIRDAP) အတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Chandra Shekara Putte Gowda ၊ CIRDAP အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖီဂျီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အီရန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စုစုပေါင်း (၁၄)နိုင်ငံမှ နည်းပညာ ကော်မတီအဖွဲ့ဝင့်များ၊ CIRDAP အတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂။ အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အကြိမ်(၄၀)မြောက် CIRDAP(ဆာဒက်) နည်းပညာ ကော်မတီအစည်းအဝေး အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ခွင့်ရခြင်းအတွက် အထူးပင် ဂုဏ်ယူမိပါကြောင်း၊ CIRDAP သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာ မျှဝေမှုများမှတစ်ဆင့် ကျေးလက်ဖွံ့ဖြိုးရေး၏ ဘက်ပေါင်းစုံသော ရှုထောင့်များကို ဖြေရှင်းရာတွင် သီအိုရီနှင့် လက်တွေ့၊ မျှော်မှန်းချက်နှင့် အရှိတရားတို့ကြားက ကွာဟချက်များကို ပေါင်းကူးတံတား သဖွယ် ဆောင်ရွက်ပေး နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခု (၄၀) ကြိမ်မြောက် နည်းပညာ ကော်မတီ အစည်းအဝေးသည် မိမိတို့၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ရန်၊ အတွေ့အကြုံများ မျှဝေရန်နှင့် မိမိတို့နိုင်ငံများ၏ အခြေအနေနှင့်လိုက်လျောညီထွေရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်၍ ပြန်လည်အသုံးချနိုင်မည့် ဆန်းသစ်သော ချဉ်းကပ်မှုများကို ဖော်ထုတ်ရန်အတွက် အကောင်းမွန်ဆုံးသော အခွင့်အလမ်းတစ်ခုကို ရရှိစေမည်ဖြစ်ပါကြောင်း၊ အိမ်ရှင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ကျေးလက်လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေးအတွက် အဓိကအုတ်မြစ်ဖြစ်သည့် ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအပေါ်ထားရှိသည့် မိမိတို့၏ မယိမ်းမယိုင် ခိုင်မာသော သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၆၉% ကျော်သည် ကျေးလက် ဒေသများတွင် နေထိုင်ကြသည်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုသည် တစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘက်စုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်တို့၏ လမ်းညွှန်မှုနှင့် အညီ ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံထုတ်လုပ်မှုတွင် သမဝါယမကဏ္ဍပါဝင်မှုအား ကောင်းစေရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင် ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရေးစသည့် အဓိကဦးစားပေးကဏ္ဍများကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့် (၄၀)ကြိမ်မြောက် CIRDAP နည်းပညာကော်မတီအစည်းအဝေး (၃)ရက်တာ ဆွေးနွေးညှိနှိုင်းမှုများအတွင်း တက်ရောက်လာကြ သူများ အားလုံးအနေဖြင့် အကြံဉာဏ်သစ်များ ဖော်ထုတ်တင်ပြကြရန်နှင့် လက်တွေ့ကျသော ဖြေရှင်းနည်းများကို အဆိုပြုကြရန်နှင့် ပွင့်လင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများတွင် ပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြေပြင်အခြေအနေမှန်နှင့် အနီးစပ်ဆုံးဖြစ်ကြသော လက်တွေ့လုပ်ဆောင်နေသူများနှင့် ဒေသခံပြည်သူများ၏ အသံများကိုလည်း အထူးဂရုပြု နားထောင်ကြဖို့လိုအပ်ပါကြောင်း၊ ယခု(၄၀) ကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေးသည် ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စည်းလုံးညီညွတ်မှုဆီသို့ ဦးတည် သည့်လှေကားထစ်တစ်ခုအဖြစ်သတ်မှတ်ဆောင်ရွက်ကြပြီး မည်သည့်ကျေးလက်ရပ်ရွာမှ နောက်ကျ မကျန်ရစ်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ရှင်သန်ကြီးထွားရေး၊ လူတိုင်းအကျုံးဝင်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ စွမ်းပကားတိုးတက်မြင့်မားစေရေး၊ လူငယ်များအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် စိတ်အားထက်သန် နေသည့် ဒေသတစ်ခု ဖြစ်ပေါ်လာရေးဆိုသည့် မိမိတို့၏ ဘုံမျှော်မှန်းချက်ကိုလည်း ထပ်လောင်း အတည်ပြုကြဖို့ တိုက်တွန်းလိုပါကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသတွင် ရေရှည်တည်တံ့ပြီး အားလုံး ပါဝင်နိုင်သော ကျေးလက်ဒေသဆိုင်ရာ အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာမည့် အနာဂတ်ဆီသို့ အတူတကွ ရှေ့ဆက်ချီတက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။
၄။ ဆက်လက်၍ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (CIRDAP)၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Chandra Shekara Putte Gowda က (၄၀)ကြိမ်မြောက် CIRDAP နည်းပညာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပါသည်။
၅။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအားပြသကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းပါသည်။
၆။ ယင်းနောက် တက်ရောက်ကြသည့် အဖွဲ့ဝင်နိုင်ငံ (၁၄)နိုင်ငံတို့မှ နည်းပညာကော်မတီဝင်များ၊ CIRDAP အတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တာဝန်ရှိသူများ၊ နည်းပညာ ကျွမ်းကျင်ပညာရှင်များက (၄၀)ကြိမ်မြောက် CIRDAP နည်းပညာကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ကြပါသည်။
၇။ အဆိုပါ (၄၀) ကြိမ်မြောက် CIRDAP နည်းပညာကော်မတီ အစည်းအဝေးနှင့် CIRDAP Knowledge Sharing Workshop တို့ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
၈။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးသံယဇာတရေးရာဝန်ကြီး နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ Good Brother စတင်တာတွင် ကျင်းပပြုလုပ် သည့် မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားတက်ရောက်ကြပါသည်။
၉။ အခမ်းအနားတွင် တိုင်းဒေသကြီးသံယဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သွင်းအားစုဓာတ်မြေ ဩဇာများ သုံးစွဲရာတွင် စနစ်တကျမှန်ကန်မှုရှိစေရေးအတွက် မြေအမျိုးအစားအလိုက် သီးနှံ အမျိုးအစားလိုက် သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းရမည့်စနစ်များ နှင့် မြေပြုပြင်နည်းစနစ်များကို ရှင်းလင်းတင်ပြပါသည်။
၁၀။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများကို တောင်သူများထံ အရောက်ဖြန့်ဝေပေးရခြင်း ရည်ရွယ်ချက်မှာ တောင်သူများ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများမှ သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာ ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ ဝင်ငွေတိုးမှာဖြစ်ကြောင်း၊ တောင်သူ တစ်ဦးချင်း စီးပွားရေးအဆင်ပြေမှသာ နိုင်ငံ့စီးပွားရေး အဆင်ပြေ တိုးတက်လာမှာဖြစ်တာကြောင့် ယခုစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သွင်းသွင်းအားစု ဓါတ်မြေ ဩဇာများ သုံးစွဲရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ချက်များအတိုင်း စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သွင်းအားစုများအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်းတိုးမည်ဖြစ်ပြီး မြေအမျိုးအစားအလိုက် သီးနှံအမျိုးအစား အလိုက် အသုံးပြုရမည့်ရက်များအတိုင်း သုံးစွဲရန် အရေးကြီးပါကြောင်း၊ ထိုသို့ အသုံးပြုနိုင်ရေး သိရှိနေရန်လည်း လိုအပ်ကြောင်း၊ ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း တောင်သူများအား စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲ၍ အသိပညာပေး ပြောကြားနေရန် လိုအပ်ပါကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို အပြေမကြေ ပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပါသည်။
၁၁။ ထို့နောက် တိုင်းဒေသကြီးသံယဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လှည်းကူးမြို့နယ် အတွင်းရှိ ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။