ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 09, 2019
နေပြည်တော် အောက်တိုဘာ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျေးလက်နေပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့်အတွက် ပွင်းလင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူတို့ အပြန်အလှန် နားလည်ယုံကြည်မှု လေးစားအားကိုးမှုရှိမှသာ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများ၏ မူလရည်မှန်းချက်များအတိုင်း အပြည့်အဝ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံးရေဖူလုံရေး စသည့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု သာမက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို တပါတည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် မိသားစုဝင်ငွေ တိုးပွားလာခြင်းနှင့် ဆင်းရဲမှုလျော့ချရေးကို အထောက်အကူပြုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခန့်ဇော်က ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြင့်မားလာရေး ဆောင်ရွက်မှုများနှင့် လူထုဗဟိုပြုစီမံကိန်းများ၊ ကျေးလက် မီးလင်းရေးလုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာရေး ကိုရှေးရှု၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၄၂၈၁ ခု၊ ကျေးလက် ကုန်ထုတ်လမ်း ၂၆၆ မိုင် ၇ ဖာလုံ၊ ကျေးလက် ကုန်ထုတ်တံတား ၂၃၄၁ ပေ၊ ကျေးလက်အိမ်ရာအလုံး ၅၂၇ တို့ကို တည်ဆောက်ပေးခဲ့ပြီး ကျေးလက်မီးလင်းရေးလုပ်ငန်းကို ကျေးရွာ ၂၅၃၀ ၊ လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၅၄ မြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယူနစ်ပေါင်း ၈၀၀ ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၂၇၄၆ ရွာနှင့် အသက် မေွးဝမ်းကျောင်းသင်တန်း ၁၁၅၄ ကြိမ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)