ဖြူး၊ အုတ်ဖိုနှင့် ဗဟန်းမြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
ဖြူး၊ အုတ်ဖိုနှင့် ဗဟန်းမြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / May 03, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရေပြာကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးလွင်(ခ)မော်စီ(၆၆)နှစ် (ဘ)ဦးချစ်တီးသည် ၎င်း၏နေအိမ်မှ ကျွန်းကုန်းကျေးရွာသို့ သွားရောက်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် ကျေးရွာအထွက်အရောက်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးလွင်(ခ)မော်စီတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ Luger တံဆိပ်ပါ ကျည်ခွံ ၄ ခုအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ည ၆ နာရီခွဲတွင် အုတ်ဖိုမြို့နယ်၊ ဦးနီကုန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ရွာသာကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမျိုးဝင်း(၃၅)နှစ် (ဘ)ဦးပန်းအောင်သည် ၎င်း၏နေအိမ်မှ ဦးနီကုန်းကျေးရွာသို့ သွားရောက်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာခဲ့ရာ အခင်းဖြစ်နေရာအရောက်၌ ရပ်နားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမျိုးဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့်မဟူရာလမ်းထောင့်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးရဲမင်းသန်း(၅၅)နှစ် (ဘ)ဦးဖေအောင်သည် ၎င်း၏နေအိမ်မှ YGN 1E/XXXX SUZUKI SWIFT အမျိုးအစား မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် အခင်းဖြစ်နေရာ အရောက်၌ အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲမင်းသန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ 9 MMS & B 21 ကျည်ခွံ ၄ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
