ဗုဒ္ဓစာပေအဖွဲ့က ရိုက်နှိပ်ထုတ်ဝေသော ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန်ကျမ်းစာအုပ်များ လှူဒါန်းပွဲကျင်းပ
ဗုဒ္ဓစာပေအဖွဲ့က ရိုက်နှိပ်ထုတ်ဝေသော ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန်ကျမ်းစာအုပ်များ လှူဒါန်းပွဲကျင်းပ
Ministry of Religious Affairs & Culture/ Naypyitaw / September 19, 2023
ရွှေသုဝဏ်ဆရာတော်ကြီး ဦးဆောင်သော ဗုဒ္ဓစာပေအဖွဲ့၏ ပိဋကသုံးပုံပါဠိတော် အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy နှင့် အဘိဓာန်ကျမ်းစာအုပ်များ လှူဒါန်းပွဲအခမ်းအနားကို ၁၈-၉-၂၀၂၃ ရက်နေ့၊ နံနက် ၀၉ ၃၀ အချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ မဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇနာဘိဝံသ(သ-စ-အ ဓမ္မာစရိယ) မထေရ်မြတ်၊ မန္တလေးမြို့၊ မဟာသုန္ဒရာရာမကျောင်းတိုက်၊ ရန်ကုန်မြို့၊ ဓမ္မစင်္ကြာရိပ်သာကျောင်းတိုက် နှင့် မဟာသုန္ဒရာရာမ ခိုင်သစ္စာကျောင်းတိုက်များ၏ ပဓာနနာယက ဗုဒ္ဓစာပေအဖွဲ့ ဦးဆောင်နာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဇေယျာလူမှုထူးချွန် ပထမဆင့် လက်ပံတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓမထေရ်မြတ်နှင့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဗုဒ္ဓစာပေအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဘဒ္ဒန္တသုဇနာဘိဝံသ(သ-စ-အ ဓမ္မာစရိယ)မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဗုဒ္ဓစာပေအဖွဲ့၊ ဒုတိယရုံးအဖွဲ့မှူးက ပိဋကသုံးပုံပါဠိတော်အုပ်ရေ ၄၀၊ ကွန်ပျူတာ စာမူ Soft Copy တို့ကိုလည်းကောင်း၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိန်လှဝင်းက ဗုဒ္ဓစာပေ အဖွဲ့၏ ဦးဆောင်နာယက၊ လက်ပံတောင်း ဆရာတော်လှူဒါန်းသည့် ပဋ္ဌာန်းကျမ်းစာအုပ် အစုံ ၁၀၀ ကိုလည်းကောင်း၊ ဦးကျော်ညွန့်မိသားစုက ပိဋကသုံးပုံပါဠိတော်နှင့် အဘိဓာန်ကျမ်းစာအုပ်များ ကိုလည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ဗုဒ္ဓစာပေအဖွဲ့၏ ဦးဆောင်နာယက လက်ပံတောင်းဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများက ချမ်းမြေ့ရိပ်သာကျောင်းတိုက်အတွက် ပစ္စည်းလေးပါး ငွေပဒေသာပင် ငွေကျပ် သိန်း ၅၀ ကို ဆရာတော်၏ ကပ္ပိယကာရက ဦးအေးသော်က လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ပြီး ဗုဒ္ဓစာပေအဖွဲ့သို့ ငွေကျပ် သိန်း ၂၀ လှူဒါန်းသည်။
ဆက်လက်၍ လက်ပံတောင်းဆရာတော် ဘဒ္ဒန္တအာဝုဓမထေရ်မြတ်က လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာမြွက်ကြားရာတွင် ရွှေသုဝဏ်ဆရာတော်ကြီးသည် သာသနာ့သမိုင်းတွင် ပါဠိတော်၊ အဋ္ဌကထာနှင့် ကျမ်းပေါင်းမြောက်မြားစွာဖော်ထုတ်ပြီး ယခုကဲ့သို့ ရိုက်နှိပ်ခဲ့ပါကြောင်း၊ ဆရာတော် ကြီးက ပါဠိတော်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ခြောက်နှစ်တာကြာအောင် ကွန်ပျူတာဖြင့် စာစီရပါကြောင်း၊ ငွေပမာဏအနေဖြင့် သိန်းပေါင်းတစ်သောင်းကုန်ကျပါကြောင်း၊ ပါဠိတော်များကို ကွန်ပျူတာစာမူပြုလုပ်ရာတွင် ဆရာတော်ကြီးက တပည့် ပညာရှင်များနှင့် ခက်ခက်ခဲခဲ ခြောက်နှစ် ကြာအောင် ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းစာမူများကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လှူဒါန်းရန် ဗုဒ္ဓစာပေအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ယနေ့အခမ်းအနားတွင် လှူဒါန်းခြင်း ဖြစ်ကြောင်း မြွက်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဗုဒ္ဓစာပေအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဘုန်းနိုင်က ဗုဒ္ဓစာပေအဖွဲ့သမိုင်းနှင့် ပိဋကသုံးပုံ ပါဠိတော်အုပ်ရေ ၄၀၊ ကွန်ပျူတာစာမူ Soft Copy လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များက မန္တလေးတိုင်းသံဃနာယက အဖွဲ့ဝင်၊ မန္တလေးမြို့၊ မိုးကောင်းကျောင်းတိုက်၊ အလယ်ရွှေကျောင်းကြီးဆရာတော် ဘဒ္ဒန္တဓမ္မဓိပတျာ လင်္ကာရမထေရ်မြတ်ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရား နာယူခဲ့ကြကြောင်း ဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
