ဘယ်လာရုစ်နိုင်ငံ ဖျော်ဖြေရေးအဖွဲ့ ပြင်ဦးလွင်မြို့၌ လှည့်လည်ကြည့်ရှုလေ့လာ

ဘယ်လာရုစ်နိုင်ငံ ဖျော်ဖြေရေးအဖွဲ့ ပြင်ဦးလွင်မြို့၌ လှည့်လည်ကြည့်ရှုလေ့လာ


Ministry of Information/ Naypyitaw / October 08, 2025
image_latest


ပြင်ဦးလွင် အောက်တိုဘာ ၇

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယနေ့တွင် ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာများသို့ လှည့်လည်သွားရောက်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့တွင် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/ တေးဆို Mr. Vladi-mir Sukolinsky ၊ အဆိုရှင်များ ဖြစ်ကြသည့် Ms. Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva၊ မန်နေဂျာ Mr. Danila Kisiev တို့ လေးဦးပါဝင်ပြီး မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ မစ္စတာ အယ်လ်ဇန္ဒား၊ ရုရှားသံရုံးမှ ကိုယ်စားလှယ် Mr. Andrei Tretiakov နှင့် MRTV မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကျောက် ဖြစ်ရုပ်ကြွင်းပြတိုက်၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့ညွန်တော၊ ဝါးပိုးဝါးပင်များ ထိန်းသိမ်းထားရှိမှု၊ လိပ်ပြာပြတိုက်၊ မြန်မာသစ်ခွ မျိုးရင်းပြကွက်များအား စိတ်ပါဝင်စားစွာဖြင့် အသေးစိတ်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့တွင်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကြပြီး အမှတ်တရပစ္စည်းများ ဝယ်ယူအားပေးကြသည်။

ထိုမှတစ်ဆင့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) သို့ သွားရောက်ကြပြီး အပန်းဖြေစခန်းအတွင်းရှိ မှန်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကာ ဆင်လိမ္မာသရုပ်ပြသမှုအား ကြည့်ရှုကြသည်။

ဆက်လက်၍ အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထိုသို့ သွားရောက်စဉ် မြန်မာတို့၏ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေလာရောက်နေကြသည့် ပြည်သူများနှင့်အတူ တွေ့ဆုံနှုတ်ဆက်ခြင်း၊ စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ခြင်းများလည်း ဆောင်ရွက်ကြသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ယင်းနေ့ညပိုင်းက မန္တလေးမြို့တော်ခန်းမတွင်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်ညက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဆက်လက်၍ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်