ဘားအံတက္ကသိုလ်၌ ဘာသာရပ်ပေါင်း(၁၆)ခုကိုသင်ကြားပေးနေပြီး မောင်မယ်သစ်လွင် ၈၉၄ ဦး အပါအဝင် ကျောင်းသား၊ကျောင်းသူ ၃၆၃၀ ဦးတက်ရောက်ပညာသင်ကြားလျက်ရှိ

ဘားအံတက္ကသိုလ်၌ ဘာသာရပ်ပေါင်း(၁၆)ခုကိုသင်ကြားပေးနေပြီး မောင်မယ်သစ်လွင် ၈၉၄ ဦး အပါအဝင် ကျောင်းသား၊ကျောင်းသူ ၃၆၃၀ ဦးတက်ရောက်ပညာသင်ကြားလျက်ရှိ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / January 10, 2023


ဘားအံ - ဇန်နဝါရီ (၁၀)

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးက ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်စကားအတိုင်း မောင်တို့မယ်တို့သည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်း ရမည့်သူများဖြစ်သည့်အတွက် ဗလငါးတန်ပြည့်စုံမှသာ အနာဂတ်ဘဝလှပတင့်တယ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည့်ပြည့်ဝဝထမ်းရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများသင်ကြားပေးသည့် အဆင့်မြင့် ပညာရပ်များကို သင်ကြားရင်း မိမိနှစ်သက်ရာ အားကစားနှင့်အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှား၍ ထူးချွန်ထက်မြက် အောင် လေ့လာသင်ယူအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့်ကရင်ပြည်နယ်အတွက် လက်ဆင့်ကမ်းတာဝန်များ ထမ်းရွက်နိုင်ရန် တက္ကသိုလ်ကြီးမှတတ်သင့်တတ်ထိုက်သည့် အသိပညာ၊ အတတ်ပညာရပ်များကို တက်မြောက်ကျွမ်း ကျင်အောင် သင်ယူကြစေလိုကြောင်း ပြောကြားပြီး ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကိုပေးအပ်ရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက လက်ခံရယူသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး သစ်လွင်ကျောင်းသား၊ကျောင်းသူလေးများက မြကျွန်းညိုညိုသီချင်း၊ ကရင်ဒုံး အက၊ ဂျက်ဆင်ထိပ်ကလရိပ်ပြာသီချင်း၊ ရခိုင်ရိုးရာအက၊ ကရင်တေးသရုပ်ဖော်အက၊ မွန်ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က King ရရှိသူနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္္ဏကျော်ထင်ဒေါ်ခင်ဆွေထွန်းက Queen ရရှိသူတို့အား စာအိတ်ဖွင့်ဖောက်ကြေငြာပေးပြီး ဂုဏ်ပြုစလွယ်ကို ပေးအပ် ကြသည်။

ဘားအံတက္ကသိုလ်တွင် ဝိဇ္ဇာဌာန(၈)ခု၊ သိပ္ပံဌာန(၆)ခု စုစုပေါင်းသင်ကြားရေးဌာန(၁၄)ခုတွင် အသစ်ဖွင့်လှစ်သည့် အသုံးချဘာသာရပ်(၂)ခု အပါအဝင် ဘာသာရပ်ပေါင်း (၁၆)ခုကို သင်ကြားပေးနေပြီး ယခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် မောင်မယ်သစ်လွင် ၈၉၄ ဦး အပါအဝင် ဘာသာရပ်ပေါင်းစုံတွင် ကျောင်းသား၊ကျောင်းသူ ၃၆၃၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း နှင့် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ပတ်လမ်း၊ တက္ကသိုလ်ဓမ္မာရုံမှ သိမ်တော်ကြီးကွေ့ထိ အကျယ် ၄ ပေ၊ အနက် ၃ ပေ အုတ်စီရေမြောင်း လူသွားလျှောက်လမ်း(ပလက်ဖောင်းပါ) ပေ ၁၉၀၀ အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ သိမ်တော်ကြီးလမ်း မူလလမ်းအကျယ် ၂၄ ပေမှ ပေ ၄၀ အကျယ်ချဲ့ ကွန်ကရစ်လမ်းခင်းနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိမ်တော်ကြီး-ကမော့ကစင်လမ်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။