ဘားအံမြို့၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ဘားအံမြို့၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 03, 2025

ဘားအံ ဩဂုတ် ၃
ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် ကိုနှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံအပြားနှင့် ကရင်လူမျိုးများပျံနှံနေထိုင်ရာ နေရာဒေအသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ဩဂုတ် လ ၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ သည်။
ဦးစွာ သဘာပတိနှင့်အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ် ခါင်စူး)ဆိုင်ရာများကို သဘာပတိက ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦးက ဘိုးဘွားများရှေးနှစ်ပေါင်းများစွာကတည်းက ထားရှိခဲ့သည့် ကောင်းမြတ်သောရိုးရာအမွေအနှစ်တစ်ခုကို မပျောက်ပျက်အောင် ကရင်လူငယ်များအားလုံးက ကြီးမားသည့်တာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ မြတ်မြတ်နိုးနိုးဖြင့် အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းပေးကြစေလိုကြောင်း၊ အဝေးတွင်လွင့်ပျံ့နေသည့်ဝိဉာဉ်များ ပြန်လာကြပါ၊ ကိုယ်တွင်းရှိ ဂြိုလ်ဆိုးနတ်ဆိုးများအပြင်ထွက်ပြီး လွင့်စင်ပျောက်ပျက်ပါစေ၊ ကျန်းမာခြင်း လာဘ်လဘများ၊ ကျန်းမာခြင်းသုခများ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ဖြစ်ပေါ် လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း (၂၀၀)ကို ပွဲတော်ကျင်းပရေးကော်မတီထံ ချီးမြှင့်ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီမှ (၄၆) ကြိမ် မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုင်ခါင်.စူး) ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန် (၂) ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့် အဖွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်း သော စိတ်ဝိညာဉ်ဆိုးများ လူတိုင်း၏ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့်ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ခန္ဓာကိုယ်အား အစဉ်အမြဲစောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီးပြန်လည်ဝင်ရောက် လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုခေါ်ယူသည်။
ပွဲတော်အကြီးအမှူးခေါ်ယူရောက်ရှိလာသော (၇)ရက်သား၊သမီးများ၏ ဝိညာဉ်လိပ်ပြာကောင်းများ ရွှင်လန်း ဝမ်းမြောက်စေရန် ရိုးရာသီချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊အဖွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာ ခံယူခဲ့ကြ သည်။
ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်းစသည့်ပစ္စည်း (၇) မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အား စုပေါင်း ညီညွတ်စွာနေထိုင်စေလိုသည့်အဓိပ္ပါယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင် ပြည်နယ်အတွင်း နှင့် ကရင်လူမျိုးများပျံ့နှံနေထိုင်ရာနေရာဒေသအသီးသီးတို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ရှိပါသည်။