မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာ၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာ၌ စက်သုံးဆီသိုလှောင်ရုံ မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 27, 2026


    ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၈ နာရီ ၃၆ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာ၌ ပိုင်ရှင် ဦးသိန်းဝင်း(၄၆)နှစ်၏  AC/DC DOCANDO အမျိုးအစား တစ်လုံးပန့်ဖြင့် တရားမဝင် ဖွင့်လှစ်ထားသည့် “မဟာ” စက်သုံးဆီအရောင်းဆိုင်နှင့် ကွမ်းပစ္စည်းရောင်းဝယ်ရေးဝင်းအတွင်းရှိ ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံ အတွင်း သွယ်တန်းထားသော ဝိုင်ယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ပြည်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါ မီးလောင်မှုကြောင့် ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ တစ်ထပ် စက်သုံးဆီသိုလှောင်ရုံ တစ်လုံး၊ ၁၅ x ၂၀ ပေ၊ နံကပ် နှစ်ထပ်နေအိမ်၏ တံခါး လေးချပ်၊ CANTER ၁၀ ပေ နောက်တွဲ ကားဘော်ဒီအဟောင်း တစ်ခု၊ 92 အောက်တိန်းဆီ ၂၀ ဂါလန်နှင့် ဒီဇယ်ဆီ  ၁၅ ဂါလန် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် သိန်းဝင်း အား ပျော်ဘွယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။