မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည့် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည့် အခမ်းအနားကျင်းပ


Ministry of Industry/ Ministerial Office / March 20, 2024


နေပြည်တော်၊ မတ် (၁၆)
    မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များ၊ ဝါလုပ်ငန်းရှင်များ၊ မန္တလေးစက်မှုဇုန်နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။
    အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် (၁၆.၂.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်း တိုးချဲ့ ထုတ်လုပ်ရေး” ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်မှ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ နှင့်ပတ်သက်၍ ဝါကို ဧက (၅)သိန်း စိုက်ပျိုးပြီး သတ်မှတ်ပန်းတိုင် ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှု ဖူလုံစေမည့်အပြင် နိုင်ငံ့ဝင်ငွေရရှိရေး အထောက်အကူပြုမည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုကို သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် အလေးထားဆောင်ရွက်ရန်၊ ဝါမှထွက်ရှိလာသည့် ချည်ထည်များကို တန်ဖိုးမြှင့်ချည်ထည် များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် တန်ဖိုးမြှင့် ချည်ထည်များ ထုတ်လုပ်ရေး စီမံဆောင်ရွက်ရန်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း၊ ထို့ပြင် (၇.၃.၂၀၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် “ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ” တွင် ဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးကို ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ကုန်/သွင်းကုန်ကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ထပ်မံ လမ်းညွှန်မှာကြားမှုပြုခဲ့ကြောင်း၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဝါဗိုင်းငင် သည့်စက်များကို မိမိတို့နိုင်ငံတွင် အဆင့်မီစွာဖြင့် ဆောင်ရွက်နိုင်ရန်၊ ထွက်ရှိလာသည့် ဝါများအား ကုန်ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ဆောင်ရွက်ရန်၊ ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက် တွင် ရောင်းချရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ထွက်ရှိ ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး လိုအပ်သည့် စက်ကိရိယာများ ထပ်မံဖြည့်တင်းရန်၊ ချည်ချော များ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများ အလိုက် ဦးတည်ချက်များ ချမှတ်၍ တစ်ဆင့်ချင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်း၌ ဝါစိုက်ပျိုးထွက်ရှိမှုသည် တစ်မျိုးသားလုံး လိုအပ်ချက်အပေါ် ပြည့်မီ လုံလောက်စွာ စိုက်ပျိုး ထွက်ရှိသော်လည်း ထွက်ရှိသည့် ဝါကုန်ကြမ်းများကို အကုန်အစင် ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဝါကြိတ်စက် (Double Roller Gin) အရေအတွက်လုံလောက်မှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝါကြိတ်စက် (Double Roller Gin) များကို ပြည်ပမှ မှာယူတင်သွင်းမည့်အစား ပြည်တွင်းရှိ စက်မှုဇုန်များ၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှင် ပြည်တွင်းစက်မှုဇုန် များတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည့်အပြင် ဝါကြိတ်စက် ထုတ်လုပ်ရောင်းချနိုင်သည့် နည်းပညာတစ်ရပ်ကိုလည်း ရရှိမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ထို့အတူ ကြိတ်ခွဲရရှိလာသည့် ဝါဂွမ်းများကိုလည်း ချည်မျှင်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်တွင်းချည်မျှင် ထုတ်လုပ်နိုင်မှုသည် တစ်မျိုးသားလုံး လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသဖြင့် ချည်မျှင်ထုတ်လုပ်သည့် စက်ရုံများ ထပ်မံတိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးနိုင်မည့် အပြင် စက်ရုံတည်ထောင်သည့် ဒေသတွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိလာမည်ဖြစ် ကြောင်း၊ ထို့ပြင် ထပ်မံတည်ဆောက်သည့် ချည်မျှင်စက်ရုံများမှ ထုတ်လုပ်သည့် ချည် အမျိုးမျိုးကို ပြည်တွင်း MSME လုပ်ငန်းရှင်များကို ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် ပြည်တွင်း ၌ပင် လွယ်ကူလျင်မြန်ချောမွေ့စွာ မှာယူသုံးစွဲနိုင်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှု ပိုမိုသက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်ရေး တိုးမြှင့်ဆောင်ရွက်ပြီးလျှင် ပိတ်ထုတ်လုပ်ရေးကိုလည်း ထပ်မံတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် စက်ကိရိယာများ တိုးချဲ့တပ်ဆင်ရေး စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ချည်ထုတ်လုပ်ရာတွင် လူသုံးများသည့် ၁/၄၀ ချည်များ အဓိကထား၍ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ၁/၄၀ ချည် ထုတ်လုပ်နိုင်သည့် (က)အဆင့် ဝါကုန်ကြမ်းများ ထွက်ရှိအောင် ဝါမျိုးကောင်းမျိုးသန့်များဖြင့် ဦးစားပေး စိုက်ပျိုးနိုင်ရေး ဝါစိုက်တောင်သူများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွန်းအားပေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အထည်အလိပ်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် ဝါကုန်ကြမ်း ကောင်းမွန်ရေးသည် အဓိကကျပါကြောင်း၊ ဝါကြိတ်ခွဲ ထုတ်လုပ်မှုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါစေ့အား ဆီကြိတ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ဆီကြိတ်စက်များ အလုပ်အကိုင်ရရှိပြီး ဝင်ငွေတိုးလာမည်ဖြစ်သည့်အပြင် ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုမှတစ်ဆင့် ဝါဂွမ်းကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဝါစေ့ဆီကြိတ်ခြင်း၊ ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်ခြင်း၊  ချည်မျှင်မှ ပိတ်ရက်လုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့် ဝါစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ဖန်တီးပေးနိုင်ခြင်း၊ ပြည်တွင်း MSME လုပ်ငန်းရှင်များအတွက် ပြည်ပမှကုန်ကြမ်းများ မှာယူတင်သွင်းရမည့်အစား ပြည်တွင်း၌ပင် လွယ်ကူစွာရရှိနိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှု ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း၊ သွင်းကုန်အစားထိုးနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်များ ဖန်တီးပေးနိုင်၍ ပြည်တွင်းမှ ပညာတတ် လူငယ်လူရွယ်များ၏ လုပ်သားအင်အား ယိုစီးမှု (Brain Drain) လျော့ကျလာမည်ဖြစ်ခြင်း စသည်ဖြင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် များစွာသော အကျိုးကျေးဇူးများရရှိစေ မည်ဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် ဝါမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်တွင်းစက်မှုဇုန်လုပ်ငန်းရှင်များမှလည်း လိုအပ်သည့် စက်ပစ္စည်းများကို တီထွင်ကြံဆ၍ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခြင်း၊ ချည်မျှင်နှင့်အထည်စက်များကို ထပ်မံတိုးချဲ့ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
    ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဝါစိုက်ဧက(၂)သိန်းစိုက်ပျိုးနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအတွက် လိုအပ်သော ဝါမျိုးကောင်းမျိုးသန့်များကိုလည်း အခမဲ့ဖြန့်ဖြူးပေး လျက်ရှိကြောင်း၊ (၁)ဧက ထွက်နှုန်းများအား သတ်မှတ်ရည်မှန်းချက်ပန်းတိုင် အတိုင်းထွက်ရှိ ရေးအတွက် လိုအပ်သော သွင်းအားစုများကို အချိန်ကိုက် ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဝါကြိတ် စက်များအား နေရောင်ခြည်စွမ်းအင် အသုံးပြု၍ လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝါလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်စဉ် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
    ထို့နောက် ဝါလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်နေမှု၊ ချေးငွေရရှိရေးကိစ္စရပ်များ ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားဆွေးနွေးသည်။
    ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဝါအရည်အသွေးများ ကောင်းမွန်စေရေးအတွက် ဝါစိုက်တောင်သူများကို အသိပညာနှင့်နည်းပညာများ ဖြန့်ဝေပေး ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ စားရေး၊ ဝတ်ရေးကိစ္စရပ်များ ဖူလုံစေရေး အတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန် အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ MSME များသည် ပြည်သူလူထု၏ အခြေခံအသုံးပြုပစ္စည်းများကို ထုတ်လုပ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီး ဌာနအနေဖြင့် ဝါစိုက်ပျိုးသည်မှ အဝတ်အထည်ဖြစ်သည်အထိ ဆောင်ရွက်ရသည့် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန်တွင် အတွေ့အကြုံရှိ ကျွမ်းကျင်သူများ၊ ကျွမ်းကျင် လုပ်သားများ များစွာရှိ၍ တစ်နိုင်တစ်ပိုင် ဝါကြိတ်စက်များ ထုတ်လုပ်ရေး ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဝါနှင့်ပတ်သက်သည့် လုပ်ငန်းများ အားလုံး ဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြပါရန် ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ် ရှိ ဥက္ကာလွင်ဝါစေ့ဆီထုတ်လုပ်သည့်စက်ရုံ၊ စိုးလွင်စက်မှုလုပ်ငန်း၊ သီဟအောင်ဝါစေ့ဆီ ထုတ်လုပ်သည့်စက်ရုံ၊ AKT ဝါစေ့ဆီ ထုတ်လုပ်သည့်စက်ရုံ၊ ရွှေခေတ်ဝါကြိတ်စက်ရုံနှင့် CYT ချည်မျှင်စက်ရုံ တို့ကို လှည့်လည်အားပေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)