မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သား အယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆို ခဲ့သူအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သား အယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆို ခဲ့သူအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / September 08, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သား အယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ “သီဟ” Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသည့် အမည်မသိ လူငယ်တစ်ဦးမှ i Phone 13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများမှ ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်က ညနေ ပြန်လာမည်ဖြစ်ကြောင်း ပြောဆို၍ ပြန်သွားခဲ့ကြောင်း၊ ထိုနေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါလူငယ်သည် အရက်သေစာ သောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအား ထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ i Phone 13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ i Phone 11 Pro Max ဖုန်းဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာ တပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးအား PDF ဟု ပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်း စသဖြင့် ကြမ်းတမ်းစွာခြိမ်းခြောက် ပြောဆိုထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ ပါသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်း ဖော်ထုတ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၁)နေ စိုးဝင်း(၂၄)နှစ် (ဘ)ဦးသိန်းအောင်ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းမှာ တပ်မတော်သား တစ်ဦး မဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြု ပေါ်ပေါက်သဖြင့် အများပြည်သူ အထင်အမြင် လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သား အယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၁၈၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။
မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန် ရည်ရွယ်၍ ပြစ်မှု ကျူးလွန်ရာ၌ တပ်မတော်/ဌာနဆိုင်ရာဝန်ထမ်းများ အယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပါသည်။ သိုဖြစ်ပါ၍ ပြည်သူလူထု အနေဖြင့် ဖော်ပြပါဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများ တွေ့ရှိပါက အနီးဆုံးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဲစခန်းများသို့ အချိန်မီ သတင်းပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိပါသည်။
