မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၀၅၁ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု


Ministry of Information/ Naypyitaw / January 05, 2024
image_latest


မန္တလေး  ဇန်နဝါရီ  ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁/၂၀၂၄)အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၀၅၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆုံးမဩဝါဒစကားများ ပြောကြား

အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၈၆၂ ဦးနှင့် အကျဉ်းသူ ၁၈၉ ဦး စုစုပေါင်း ၁၀၅၁ ဦးတို့ကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်တို့က ယနေ့နံနက်ပိုင်းတွင် မန္တလေးဗဟို အကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒ စကားများ ပြောကြားကြသည်။

ထို့နောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား/ အကျဉ်းသူများကို အကျဉ်းထောင်တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ်ပေးအပ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း က “ဒီနေ့ကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထောင်ထဲမှာ ပြစ်ဒဏ်အသီးသီးကျခံနေရတဲ့ အကျဉ်းသားတွေအနက် ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးသူတွေကို လွတ်ငြိမ်းခွင့်ပေးတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ထောင်တွေ အလုပ်စခန်းတွေအနက်က ဒီနေ့ လွှတ်ပေးရမယ့်သူပေါင်း ၁၆၉၇ ဦး ရှိပါတယ်။ ဒီလူတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆုံးမစကားတွေမှာကြားပြီး စားစရိတ်၊ ခရီးစရိတ်နဲ့ လုပ်အားခတွေ အပြည့်အဝပေးကာ သွားလိုတဲ့ ကားဂိတ်တွေ၊ ဘူတာတွေ၊ သင်္ဘောဆိပ်တွေကို ကားတွေနဲ့ ပို့ဆောင်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုအကျဉ်းသားတွေ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြတာကို ဝမ်းသာမိပါတယ်ဟု ပြောသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူတစ်ဦးကလည်း “အခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းခွင့်ရတဲ့အထဲမှာ ပါဝင်တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ မိသားစုနဲ့ ပြန်လည်ဆုံစည်းရမှာ ဖြစ်တဲ့အတွက်လည်း ရင်ခုန်မိနေပါတယ်။ ရှေ့ဆက်ပြီးလည်း အမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ကြိုးစားနေထိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်ငါးခုနှင့် အလုပ်စခန်း ခုနစ်ခုတို့မှ အကျဉ်းသား ၁၄၀၇ ဦး၊ အကျဉ်းသူ ၂၉၀ စုစုပေါင်း ၁၆၉၇ ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

မောင်အေးချမ်း