မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အောင်မြင်စွာ ကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Education/ Naypyitaw / June 27, 2024


နေပြည်တော် ၂၀၂၄ ဇွန် ၂၇

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) တတိယနေ့ Plenary Session ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်ကြီးများ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးကြသည်။

ယနေ့တွင် ညီလာခံဒုတိယနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲခေါင်းစဉ်ကြီးခြောက်ခုဖြင့် စာတမ်းရှင်များနှင့် တက်ရောက်သူများ အကြံပြုဆွေးနွေးညှိနှိုင်းရရှိခဲ့သည့် ဆွေးနွေးပွဲရလဒ် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဆွေးနွေးပွဲအုပ်စု သဘာပတိနှင့်စာတမ်းရှင်များက တင်ပြကြ ပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းကြသည်။

ဆက်လက်၍ Parallel Session-1 မှ စာတမ်းရှင်များကိုယ်စား ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက “အခြေခံပညာကဏ္ဍ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များပေါ်ထွက်လာစေရေး” ခေါင်းစဉ် ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်းခြောက်စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြု ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အခြေခံပညာကဏ္ဍကျောင်းများ တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များပေါ်ထွန်းလာရေးနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် Parallel Session-2 မှ စာတမ်းရှင်များကိုယ်စား ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုက “အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်းခြောက်စောင် ၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ် ကို ဖတ်ကြားတင်ပြရာ စာတမ်းပါအကြောင်းအရာများနှင့်ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် Parallel Session-3 မှ စာတမ်းရှင်များကိုယ်စားအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဒေါ်အေးစန္ဒာအောင်က “ထုတ်လုပ်မှုကို အားပေးသော သက်မွေးပညာတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်း ခြောက်စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Parallel Session-4 မှ စာတမ်းရှင်များကိုယ်စား ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးဖြူဇင်က “ဆရာ ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်း ခြောက်စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Parallel Session-5 မှ စာတမ်းရှင်များကိုယ်စား မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဆောဘောင်မ်က “သုတေသနနှင့်တီထွင်ဆန်းသစ်မှုဖွံ့ဖြိုး တက်ရေး” ခေါင်းစဉ် ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်းခြောက်စောင်၏ ရေတိုရေရှည် လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ Parallel Session-6 မှ စာတမ်းရှင်များ ကိုယ်စား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီအောင်က “အရည်အသွေးအာမခံမှုရှိသောပညာရေးစနစ် ပိုမိုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်းခြောက်စောင်၏ ရေတိုရေရှည် လုပ်ငန်းစဉ်များ၊ အကြံပြု ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍လည်းကောင်း စာတမ်းအကျဉ်းချုပ်ကို ဖတ်ကြားတင်ပြကြရာ တက်ရောက်လာကြသူများက ဆွေးနွေးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ၏ ဆွေးနွေးမှုအနှစ်ချုပ် အစီရင်ခံစာကို တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုလိုညီလာခံကြီးက ချမှတ်လိုက်သည့် ရေတို ရေရှည် လုပ်ငန်းအစီအမံများကို အောင်မြင်အောင် ဟန်ချက်ညီညီနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တက်ရောက်လာကြသည့် ပညာရှင်ကြီးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များအားလုံးကို တိုက်တွန်းလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အသိပညာ၊ အတတ် ပညာကို မြင့်မားအောင်မြှင့်တင်ပေးနိုင်သူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတို့ ပွားများအောင် ပဲ့ပြင်ဆုံးမနိုင်သူ၊ ဘဝလမ်းတစ်လျှောက်ဖြောင့်မတ်အောင် လမ်းပြပေးနိုင်သူသည် ဆရာ ဆရာမ များဖြစ်သည့်အတွက် မိမိတို့၏ တပည့်သားမြေးများ၏ အနာဂတ်ဘဝသာယာ လှပရေး ဆရာ့ဂုဏ်နှင့်အညီ ပျိုးထောင်ပေးရင်း ညီလာခံကြီး၏ ရှေ့လုပ်ငန်းအစီအမံများ အောင်မြင်စေရန် တစ်ဖက်တစ်လမ်းမှ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ညီလာခံအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။