မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများ၏ စကားသံများ
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများ၏ စကားသံများ
Ministry of Information/ နေပြည်တော် / December 13, 2019
နေပြည်တော် ဒီဇင်ဘာ ၁၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက ဦးစီးကျင်းပသော မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းရင်း ဆေး လောကသားများနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်-
ဒေါက်တာမိုးဆွေ
ညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းဆေးပညာဦးစီးဌာန
ယခုနှစ် ကျင်းပတဲ့ အကြိမ် (၂၀) မြောက်တိုင်းရင်းဆေးသမားတော်များ ညီလာခံမှာ တိမ်မြုပ်နေတဲ့ ဆေးပညာတွေ ဖော်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရင်နှစ်တွေကလို အဆို၊ အထောက်တွေ မလုပ်တော့ဘဲ စာတမ်းလေးစောင် ဖတ်ကြားဆွေးနွေးပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လု နီးပါးဖြစ် နေတဲ့ နယကြီးလေးပါးထဲက ဝိဇ္ဇာဓရနယနဲ့ နက္ခတ္တနယ ဆေး ပညာတွေ ပြန်လည်ဖော်ထုတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြပါတယ်။ နောက်တစ်ချက်အနေနဲ့ တိုင်းရင်းဆေးဝါး မှတ်ပုံတင် တွေကို အွန်လိုင်းကနေ ဝန်ဆောင်မှုပေးမယ့် စနစ်ကိုသွားနေပါတယ်။ မကြာသေး ခင်ကပဲ တိုင်းရင်း ဆေးဝါးမှတ်တိုင် များစာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ တိုင်းရင်းဆေးရုံ၊ ဆေးခန်း တွေလည်း တိုးချဲ့နိုင်ခဲ့ ပါတယ်။ တိုင်းရင်းဆေးနဲ့ ကုသတဲ့လူနာအရေအတွက်များ လာတဲ့အတွက် တိုင်းရင်း ဆေးဝါး လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ ရန်ကုန်၊ မန္တလေး တိုင်းရင်းဆေးဝါးစက်ရုံတွေ ကို အဆင့်မြှင့် တင်ပြီးတော့ တိုးတက် ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေသလို တစ်နိုင်ငံလုံးမှာရှိတဲ့ ပရဆေး ဥယျာဉ် တွေကနေ ဆေးဝါးကုန်ကြမ်းတွေရရှိဖို့ အဆင့်မြှင့်တင်မှု တွေဆောင်ရွက် နေပါတယ်။
ဦးမောင်မောင်ဦး
ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
ဒီနှစ်က အကြိမ်(၂၀)မြောက် ညီလာခံမှာ အသွင်အပြင်ရော၊ အရည်အသွေးပါ ထူးခြားမှုရှိတယ်။ ဒီနှစ်ပွဲမှာဆောင်ရွက်တာက နိုင်ငံတကာ စံချိန်မီပဲ။ Paperless လို့ ခေါ်တယ်။ ကျွန်တော်တို့ စက္ကူမဲ့ လုပ်ပါတယ်။ ကျွန်တော့်ဆီမှာရှိတဲ့ စာတမ်းတွေ အစီအစဉ်ကို QR code လို့ခေါ်တဲ့ codeကလေး တွေ ထည့်ထားပြီးတော့အဲဒီ QR code နဲ့ လက်ကိုင်တယ်လီ ဖုန်းတွေကို ရိုက်လိုက်ရုံနဲ့ အခမ်း အနားအစီအစဉ်တစ်ခုလုံးဟာ QR code ထဲကို ပါရှိသွားပါတယ်။ တက်ရောက်လာသူအားလုံး လွယ်လင့် တကူ ကြည့်ရှုရယူနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါဟာ ခေတ်မီတဲ့ အသွင်အပြင် ဖြစ်ပါ တယ်။
နောက်တစ်ခုကတော့ အရည်အသွေးဖြစ်ပါတယ်။ ခုပွဲမှာ ဆွေးနွေး ချက်တွေဟာ ပိုပြီးပွင့်လင်း လာတယ်။ မိမိတို့ရဲ့ ပိုမိုတိုးတက်လာမယ့်ကိစ္စတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်တဲ့အကူ အညီတွေ စသည်ဖြင့် ပြောဆိုမှုတွေဟာ ပိုပြီးတော့ ပွင့်လင်း လာတယ်။ တကယ့်ကို မြေပြင်မှာဖြစ် နေတဲ့အနေအထားအပေါ်မှာ အကျိုးရှိ မယ့်ကိစ္စရပ်များကို ဖြစ်ပေါ်စေတယ်။ ကျွန်တော်တို့ အကြီး အကဲကလည်း ( အားလုံးကို လမ်းဖွင့်ပေးထားတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့အမြင်တွေ၊ မိမိတို့ယုံကြည်ချက်တွေဘာတွေ လုပ်ဖို့ သင့်တော်တယ်ဆိုတာတွေကို ပြောပြတဲ့ တွက် ဒီနေ့ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင်လေးရှိပြီးတော့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ယနေ့ တိုင်းရင်း ဆေးလောက မှာ ရှိကြတဲ့သူတွေကလည်း ပြည်သူလူထုကို အကျိုးပြုအောင် ဘာတွေ လုပ်ရမလဲ၊ ဘာတွေ အခက်အခဲရှိလဲ၊ ဘယ်လိုတွေ ရှေ့ဆက်သွားရမလဲ ဆိုတာတွေကို ပွင့်ပွင့် လင်းလင်း သူတို့တင်ပြ ဆွေးနွေး ကြတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ သဘောဖြစ်ပါတယ်။ နောက်ပြီး နှစ်စဉ်လုပ်လာတာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့တယ်။ ဒုတိယသမ္မတ ကိုယ်တိုင် တက် ရောက် ချီးမြှင့်တယ်။ ညစာစားပွဲတွေ တည်ခင်းပေးတယ်ဆိုတဲ့ အတွက် နိုင်ငံတော် က တိုင်းရင်း ဆေးအပေါ်ကို ချီးမြှင့်တယ်၊ ကူညီပံ့ပိုးပေး တယ်ဆိုတာ ပိုမိုထင်ရှားတဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဦးကြည်ဝင်း
(ဆန္ဒမွန်ဆေးတိုက်)
မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ် လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်း ရှင်များအသင်း(အတွင်းရေးမှူး)
မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ခိုင်မာစွာရပ်တည် နိုင်ခဲ့တဲ့ မြန်မာ့ တိုင်းရင်းဆေးဟာ ဘက်စုံထောင့်စုံ အဆင့်အတန်းမြင့်မားလာဖို့ အခွင့် အလမ်းတွေ မြင်တွေ့နေရပါတယ်။ပြောင်းလဲတိုးတက်နေတဲ့ခေတ်စနစ်နဲ့ အညီတိုင်းရင်းဆေး ဆရာများအသင်း၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီကိုလည်း ဥပဒေသစ်နှင့်အညီ မကြာမီဖွဲ့စည်းနိုင်တော့မှာ ဖြစ်ပါတယ်။
ယခုကာလဟာနှီးနွှယ်အသင်းများ အချင်းချင်းချိတ်ဆက်ပြီး တိုင်းရင်း ဆေးလောက ဖွံ့ဖြိုးတိုးတက် လာစေဖို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်းတွေပွင့်လန်း လျက်ရှိပါတယ်။ တိုင်းရင်းဆေးဝါး လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် သုတေသနလုပ်ငန်းဟာ အရေးကြီးပါတယ်။ ဒီလိုပဲတိုင်းရင်း ဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ် စေတဲ့ တိုင်းရင်း ဆေးမဟုတ်တဲ့အရော အနှောများကို လည်း ဓာတ်ခွဲခန်းများ ထူထောင်ပြီး ဖော်ထုတ်ဟန့်တားသွားဖို့ လိုအပ်ပါ တယ်၊ ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေး ဝါးနဲ့ပိုမိုထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ဖို့ ဆိုရင် ဆေးဝါးထုတ်လုပ်မှုနည်းစဉ် တွေ စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။
ဦးထွန်းရွှေ
ထွန်းရွှေဝါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
မြန်မာ့တိုင်းရင်းဆေးဆိုတာ ပြည်သူတွေရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်တဲ့အခါ မှာ သဘာဝရေ၊ မြေ၊ တော၊ တောင်ကထွက်တဲ့ သစ်မြစ်၊ သစ်ဥ၊ သစ်ရွက် စသည်ကုန်ကြမ်းပစ္စည်းတွေနဲ့ ဖော်စပ် အသုံးပြုသလို ဆေးစွမ်းထက်မြက် အောင်စေတနာ၊ မေတ္တာ၊ သစ္စာတရားတွေ အခြေခံဖော်စပ် ရပါတယ်။ ဒီလို မျိုးဖော်စပ်အသုံးပြုရတဲ့အတွက် ပရဆေးကုန်ကြမ်းတွေ ပြည်တွင်း၊ ပြည်ပ ဈေးကွက်မှာ အလွယ်တကူရရှိဖို့၊ မျိုးတုံးပျောက်ကွယ်မသွားဖို့လိုအပ်ပါ တယ်။ ဒေသအလိုက်ပေါက် ရောက်တဲ့ ပရဆေးပင်တွေရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ပရဆေးဥယျာဉ်တွေ ထူထောင်ပြီးတော့ ပရဆေးကုန်ကြမ်း တွေထုတ်လုပ်နိုင်အောင်ကြိုးစားသွား ရမှာဖြစ်ပါတယ်။
ဦးကျော်ကျော်ဌေး
မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
“ ဒီနေ့ကျင်းပတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံရဲ့ ရည်ရွယ်ချက်ထဲမှာ တိုင်းရင်း ဆေး ပညာပိုမိုဖွံ့ ဖြိုးတိုးတက်ရန် ပြည်တွင်း၊ ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင် ရွက်ရန်ဆိုတဲ့အချက် ပါပါတယ်။ ကျွန်တော်တို့တိုင်းရင်းဆေးဝါးထုတ် လုပ်သူများအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အားပေးမြှင့် တင်မှုနဲ့အတူ ပြည်ပ နိုင်ငံတွေမှ ပြုလုပ်တဲ့ တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဝပ်ရှေ့ တွေကို တက်ရောက် လေ့လာပြီးတော့ ကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။
ဒေါ်နေနေနိုင်ရည်
လက်ထောက်ညွှန်ကြားရေးမှူး (ဖွံ့ဖြိုးရေး)
တိုင်းရင်းဆေးပညာဦးစီးဌာန
ဖွံ့ဖြိုးရေးဌာနစိတ်အနေနဲ့ တိုင်းရင်း ဆေးပညာနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို အဓိကဆောင်ရွက်ရပါတယ်။ တိုင်းရင်းဆေးနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးတဲ့နေရာမှာ မီဒီယာတွေ ကနေတစ်ဆင့် ကျေးလက်နေပြည်သူ လူထုကို ကျန်းမာရေးအသိပညာတွေ ပေးပါတယ်။ တိုင်းရင်းဆေးတွေဟာ တန်ဖိုးအားဖြင့်လည်း နည်းပါးတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်။ ဒါကြောင့် ခေတ်မီဆေးဝါးတွေကို လက်လှမ်း မမီနိုင်တဲ့ ကျေးလက်နေ ပြည်သူတွေအနေနဲ့ကျန်းမာရေးအသိ ပညာတွေရရှိပြီး ဘယ်လိုပြုမူ နေထိုင်ရ မယ်ဆိုတာ ကအစ အသိပညာတွေ ပေးပါတယ်။ ဒီနှစ်ညီလာခံမှာဆိုရင် လည်း အရင်နှစ် တွေနဲ့ မတူတဲ့ပြောင်း လဲမှုတွေကို ဆောင်ရွက်ထားပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေတဲ့ တိုင်းရင်းဆေးပညာတွေ ဖော်ထုတ် အကောင်အထည်ဖော်ဖို့ စာတမ်းတွေ ဖတ်ကြားဆွေးနွေးပြီး ချက်ချင်း အကောင်အထည် ဖော်နိုင်ဖို့အထိပြောင်းလဲမှုတွေ ဆောင်ရွက်နေပါတယ်။
ဒေါက်တာကံသာညိမ်း
ကံသာဆေးတိုက်
ကျွန်တော့်ဘဝ သက်တမ်းတစ် လျှောက် တိုင်းရင်းဆေးဆရာ မိဘများရဲ့ ဆေးပညာကုထုံးများ အစွမ်းနဲ့ ရောဂါများ ထူးခြားစွာ ပျောက်ကင်း သွားတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်ဆရာဝန် တစ်ဦးဖြစ်တဲ့အခါ တိုင်းရင်းဆေးကုထုံးများကိုအနေခက် တိုင်းဆေးပညာမှ ကုထုံးများနဲ့ ပေါင်းစပ် ကုသနိုင်ဖို့၊ အရည်အသွေးမြင့် အစွမ်းထက်ကုထုံးများ ပေါ်ပေါက် လာဖို့ကြိုးစားသွားမယ်လို့ မျှော်မှန်း ထားပါတယ်။
ဒေါ်မိုးပြည့်ပြည့်ဖြိုး
မုံရွာဆရာမိုးဆေးတိုက်
ကျွန်မတို့ဆေးတိုက်က တိုင်းရင်း ဆေးငါးမျိုး ထုတ်လုပ်ပါတယ်။ ဒီဆေးတွေ အရည်အသွေး ကောင်းမွန်အောင် ISO နည်းပညာနဲ့ စနစ်တကျ ထုတ်လုပ်ထားပါတယ်။ အနောက်တိုင်းဆေး မရောဘဲ ဓာတုပစ္စည်းကင်းစင်စွာ ထုတ်လုပ်ထားတဲ့မြန်မာ့တိုင်းရင်းဆေး စစ်စစ်ဖြစ်ပါတယ်။ ဈေးကွက်မှာတော့ ရှောက်တစ်လုံးဝမ်းမှန်ဆေးနဲ့ အမောလုံနှလုံးအားဆေးကို အဓိကထား ဖြန့်ချိ ပါတယ်။
ဒေါက်တာ သူရိန်နိုင်အောင်ဟိန်း
အဘထတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
ဒီညီလာခံကတော့ တစ်နိုင်ငံလုံးက တိုင်းရင်းဆေးဆရာများနဲ့ ထုတ်လုပ် သူလုပ်ငန်းရှင်များရဲ့ ချစ်ကြည်ရင်းနှီး မှုနဲ့ စည်းလုံးညီညွတ်မှုကို ပြတဲ့ပွဲလို့ လည်း ပြောလို့ရပါတယ်။ နိုင်ငံတော်က တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်နဲ့ ထောက်ခံအားပေးနေ တဲ့အချိန်မှာ ကျွန်တော်တို့ ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေနဲ့ အစွမ်းကုန် ကြိုးစားပြီး အရည်အသွေးမြင့်တဲ့ ပြည်ပပို့ကုန် အဖြစ် ရည်ရွယ်ထုတ် လုပ်နေပါတယ်။ အဘထရှူဆေး ဆိုရင် ထိုင်းနိုင်ငံက FDA ရပြီးသားဖြစ်ပါ တယ်။ အခုချိန်မှာ ထိုင်းနိုင်ငံက ဘဏ်တစ်ခုဖြစ်တဲ့ SCB Bank နဲ့ ချိတ်ဆက်ပြီး အရည်အသွေး ပြည့်မီတဲ့ ဆေးဝါးတွေ ထုတ်လုပ်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ကိုချမ်းပြည့်ပြည့်လင်း
စိန်ဘယက်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
ကျွန်တော်ကတော့ စိန်ဘယက် တိုင်းရင်းဆေးဝါးလုပ်ငန်းရဲ့ မျိုးဆက်သစ် တစ်ဦးဖြစ်ပါတယ်။ မိဘ၊ ဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို ကျွန်တော်တို့လက်ထက်မှာ တိမ်ကော ပပျောက်မသွားအောင် ထိန်းသိမ်းပြီး လက်ဆင့်ကမ်း သယ်ဆောင်သွားဖို့ရယ်၊ ထုတ်လုပ်မှုနည်း စဉ်တွေပိုမိုကောင်းမွန်ဖို့ရယ်၊ ဆေးစွမ်း စစ်မှန်အောင် နည်းပညာ၊ သုတေ သနတွေနဲ့ပေါင်းစပ်ပြီး တိုင်းရင်းဆေး ပညာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ စိတ်ကူးထားပါတယ်။
ကြေးမုံ
