မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်ယွမ်)ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်ယွမ်)ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / January 09, 2022
နေပြည်တော် ဇန်နဝါရီ ၈ ရက်
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ် (ယွမ်) ငွေစာရင်း (Account) ဖွင့်လှစ်၍ ငွေပေးချေမှုဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်ပြီး Bank of China, Industrial and Commercial Bank of China (ICBC) ဘဏ်တို့မှ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့ Pullman Mandalay Mingalar ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာတရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ယွမ် - ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရုတ် (ယွမ်) ငွေစာရင်း(Account) ဖွင့်လှစ်၍ ငွေပေးချေမှု ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲများ အပေါ် ဝိုင်းဝန်းဆွေးနွေး ကြရန်နှင့် ယင်းအခက်အခဲများကို ဖော်ထုတ်ပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းပါဝင် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်း ဆိုင်ရာ အစီအစဉ်များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားများ၊ ဘဏ်စရိတ် နှုန်းထားများ၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းကြရာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ICBC နှင့် BOC တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကိစ္စရပ်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များ အသင်းနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ Bank of China နှင့် Industrial and Commercial Bank of China (ICBC) နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
