မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက် ခြိမ်းခြောက်မှုများလုပ်ဆောင်

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက် ခြိမ်းခြောက်မှုများလုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / June 25, 2022
သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခြံစည်းရိုး၌ အကြမ်းဖက်သမားများ ချိတ်ဆွဲထားသည့် ခြိမ်းခြောက်စာ မှတ်တမ်းဓာတ်ပုံ။


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၂ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခြံစည်းရိုး၌ အကြမ်းဖက်သမား(စိစစ်ဆဲ)တို့က “ကျောင်းဖွင့်တာကို အလိုမရှိကြောင်း” ခြိမ်းခြောက်ရေးသား ထားသည့် ခြိမ်းခြောက်စာတစ်စောင် လာရောက်ကပ်ထားကြောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် အမရပူရမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကျောင်းသူ၊ ကျောင်းသား ၉၇၉ ဦး ပညာသင်ကြားလျက်ရှိသည့် မြစ်ငယ် အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ သုံးထပ်ဆောင်အပေါ်ထပ်နှင့် အောက်ထပ်ရှိ ဆရာ/ ဆရာမများ နားနေဆောင် တို့၌  PDF  အမှတ်ခွဲ(0779)အဖွဲ့မှ “စာသင်ကျောင်း၌ ပညာသင်ကြားနေမှုများအား ၂၇-၆-၂၀၂၂ ရက်နေ့ နောက်ဆုံးထားပိတ်ပေးရန်နှင့် ကျောင်းဆက်ဖွင့်ပါက ကျောင်းအားဗုံးခွဲ ဖျက်ဆီးမည်”ဟု ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင် လာရောက်ကပ်ထားကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၂ ရက် နံနက် ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ လေးပင်ကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသား ၁၈၃ ဦး ပညာသင်ကြား လျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲ ခြံစည်းရိုး၌ PDF အဖွဲ့မှ “ကျောင်းများ ဖွင့်လှစ်ခြင်းမပြုရန်၊ ဆရာ၊ ဆရာမများ CDM ပြုလုပ်ကြရန်နှင့် ကျောင်းဖွင့်ပါက ထိခိုက်မှုဖြစ်လာ ပါကတာဝန်မယူကြောင်း” ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်လာရောက်ကပ်ထားကြောင်း၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သဲဖြူကျေးရွာ၌ ကျောင်းသူ၊ ကျောင်းသား ၁၂၈ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ အကြမ်းဖက်သမားများက ခြိမ်းခြောက်စာများ လာရောက်ချိတ်ဆွဲ ထားကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း ဝင်ပေါက် သံပန်းတံခါး၌ အကြမ်းဖက်သမားများက “စာသင်ကြားနေမှုများအား ရပ်တန့်ရန်၊ စာဆက်လက်သင်ကြားပါက ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ အသက်ကို အာမမခံကြောင်း ခြိမ်းခြောက်ရေးသား ထားသည့်” ခြိမ်းခြောက်စာများ ရေးသားထားသည့် စာရွက် ၁၈ ရွက်အား ကပ်ထားသည်ကို တွေ့ရှိ ခဲ့ရကြောင်း၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ မူလွန်ကျောင်း Grade-4 စာသင်ခန်းအတွင်း နံရံထောင့်၌ အကြမ်းဖက်သမား (စိစစ်ဆဲ)တို့က ခြိမ်းခြောက်စာတစ်စောင်နှင့်အတူ Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံး လာရောက်ချထားသည်ကိုတွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး လက်လုပ်မိုင်းအား စနစ်တကျဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။