မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / March 19, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်း များအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူ လူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာနှင့် ကံနီကျေးရွာသွား မြေသားလမ်းပေါ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မီးပေါက်ကျေးရွာနေ ဦးဇော်မင်း(၅၃)နှစ် (ဘ)ဦးလှထွန်းသည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၆ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိ လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ်နေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ သဖြင့် ဦးဇော်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီတွင် စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲထွန်း၊ (၅၄)နှစ်၊ (ဘ)ဦးကျော်အေးသည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၈ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးကျော်စိုးမိုး(ခ) စတီးရိုး၊ (၅၂)နှစ်၊ (ဘ)ဦးကျော်ရင်သည် ဥတ္တံတားကျေးရွာမှ ဇင်းကျိုက်ဘက်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှဆိုင်ကယ်မောင်းနှင်လိုက်လာသည့် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်စိုးမိုး(ခ) စတီးရိုးတွင် ကျည်ထိမှန်ဒဏ်ရာ များရရှိကာသေဆုံး ခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ LUGER 9MM စာတန်းပါကျည်ခွံ ၄ ခုနှင့် THAI ARMS AUTO 9MM စာတန်းပါ ကျည်ခွံ ၂ ခု တို့အားသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုလွှမ်းနိုင်၊ (၁၈)နှစ်၊ (ဘ)ဦးမြင့်လွင်နှင့် ထနောင်းကုန်းကျေးရွာနေ ကိုတိုးချမ်း၊ (၁၉)နှစ်၊ (ဘ)ဦးလှမြင့် တို့ပါ ၅ ဦး သည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသည့် ဇဂျမ်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ လုံခြုံရေးလုပ်ငန်းများကူညီဆောင်ရွက်ပြီး ထနောင်းကုန်းကျေးရွာသို့ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၆ ဦးခန့်မှ သေနတ်များဖြင့် ဝိုင်းဝန်းချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုလွှမ်းနိုင်နှင့် ကိုတိုးချမ်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထား ရှိကြောင်းသိရသည်။
အလားတူ နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကပ်ကျော်ဓမ္မာရုံအနီး၌ သေနတ်ဖြင့်ထုရိုက်ခဲ့သဖြင့် ကျောင်း ဆရာမ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါရပ်ကွက်နေ ကျောင်းဆရာမများဖြစ်ကြသည့် ဒေါ်ခင်မာမာ၊ (၆၁)နှစ်၊ (ဘ) ဦးအောင်ကြည်နှင့် ဒေါ်စီစီလွင်၊ (၅၉)နှစ်၊ (ဘ)ဦးအောင်ကြည်တို့သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၃ ဦး (စိစစ်ဆဲ)က အိုးဝေသုံးဘီးဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား သေနတ်ဖြင့်ချိန်ရွယ်၍ နေအိမ်ခြံဝင်းအတွင်းရပ်ထားသော မော်တော်ယာဉ် ၂ စီး၏ သော့များအား ခြိမ်းခြောက်လုယက် တောင်းယူစဉ် ဘေးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ရာ အကြမ်းဖက်သမားများက သေနတ်ဖြင့်ထုရိုက်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်မာမာနှင့် ဒေါ်စီစီလွင်တို့တွင် ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာ များရရှိခဲ့၍ ဆေးကုသနိုင်ရေး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ည ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ လက်ပံပါးပျဉ်း ကျေးရွာအဝင် သုသာန်အနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ဦးမောင်ဝင်း(ခ) ဝင်းရွှေ၊ (၅၆)နှစ်၊ (ဘ)ဦးမောင်ဟန်သည် ၎င်း၏တူဖြစ်သူ ထူးထူးအောင်(ခ)အာနိုးနှင့်အတူ ကျွဲတဲကြီး ကျေးရွာမှ လက်ပံပါးပျဉ်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်ဖက်သူ အမျိုးသား ၁ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်ဝင်း (ခ)ဝင်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ ၉ မမ ကျည်ခွံ ၄ ခု တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။