မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / August 10, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပိဿကာစုကျေးရွာနေ ရာအိမ်မှူး ဦးတင်ဝင်း(၅၅)နှစ် (ဘ) ဦးကျော်စိန် သည် ကျေးရွာ၏မြောက်ဘက်ရှိ ၎င်းပိုင် ငါးမွေးကန်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား သုံးဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးတင်ဝင်းတွင် ယာနားအပေါ်မှ ကျည်ဖောက်ဝင်ပြီး ဝဲနားထင်ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၃ နာရီ ၁၀ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ သူစိုးကျေးရွာနေ ဒေါ်ခင်အေးတင့် (ခ) မငယ် (၄၉)နှစ် (ဘ)ဦးကျော်ရင်သည် အဆိုပါကျေးရွာနေ ဦးသူရိန်ဝင်း၏ ဈေးဆိုင်၌ဈေးဝယ်နေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်၊အမှုပွဲစား” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ်ကာ ၎င်းစီးနင်းလာသည့်ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ခင်အေးတင့် (ခ)မငယ်တွင် ဦးခေါင်းနောက်စေ့၊ ဝဲမျက်လုံး၊ ယာလက်မနှင့် ယာလက်ကောက်ဝတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ လေးချက်ဖြင့် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာမှ အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် Thai Arms စာတန်းပါ ကျည်ခွံ တစ်ခု၊ ကျည် ခုနစ်တောင့်၊ Luger ကျည် နှစ်တောင့်နှင့် ပစ္စတိုကျည်အိမ် တစ်ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများအား “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
