ယာဉ်၊ လမ်းအန္တရာယ်ကင်းရေး ဒုတိယဆယ်စုနှစ်ရည်မှန်းချက် ပြည့်မီအောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်

ယာဉ်၊ လမ်းအန္တရာယ်ကင်းရေး ဒုတိယဆယ်စုနှစ်ရည်မှန်းချက် ပြည့်မီအောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / January 25, 2025
image_latest


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအကြိမ်ရေနှင့် သေဆုံးသူလူဦးရေတို့မှာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း သိရသည်။ ယမန်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှု ၃၈၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၀၁၁ ဦးရှိခဲ့ရာ ၂၀၂၃ ခုနှစ် ယာဉ်တိုက်မှုများ၏အောက် ၈၉၇ ကြိမ် လျော့ကျသွားခဲ့ပြီး သေဆုံးသူ ၄၁၁ ဦး လျော့ကျသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါယာဉ်မတော်တဆဖြစ်မှုများကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများ လျော့နည်းကျဆင်းသွားရန်၊ ယင်းမှတစ်ဆင့် လုံးဝပပျောက်သွားစေရန် ရည်ရွယ်၍ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) သည် National Road Safety Action Plan (2021-2030) နှင့်အညီ မိမိနိုင်ငံအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ NRSC သည် ယာဉ်မောင်းသူများ သိရှိလိုက်နာကြရမည့် Quick Win အစီအမံ (၅) ရပ်ဖြစ်သော (၁) မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေး၊ (၂) မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး၊ (၃) အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊ (၄) မော်တော်ယာဉ်မောင်းနှင်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်စေရေး၊ (၅) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေးတို့ကို ချမှတ်ထားပြီး အထက်တွင် ဖော်ပြခဲ့သည့် မြန်မာနိုင်ငံယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) ကိုပါ ကဏ္ဍကြီး (၈) ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၁၀၈ ခုတို့ဖြင့် ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးမှုများသည် မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်စဉ်ဆက်တိုက်ကျဆင်းလာခဲ့ရာ လူဦးရေတစ်သိန်းလျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုကြိမ်နှုန်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၅ ဦးနှုန်းအထိ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံတွင် ၅ ဒသမ ၇၁ ဦးနှုန်းအထိ ကျဆင်းခဲ့သည်။ ကမ္ဘာတစ်ဝန်းနှစ်ဘီး၊ သုံးဘီးတပ်ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်း ၂၁ ရာခိုင်နှုန်းသာရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ၄၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံတွင် ၄၅ ရာခိုင်နှုန်းရှိနေသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပထမဆယ်စုနှစ်ဖြစ်သော (၂၀၁၁-၂၀၂၀) ကို အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံများမှာ တစ်ကမ္ဘာလုံးတွင် ၁၀ နိုင်ငံသာရှိခဲ့ပြီး မြန်မာအပါအဝင် ကျန်နိုင်ငံအားလုံး ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။ လမ်းပေါ်မတော်တဆမှု (Road Accident) များကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရမှုများတွင် အာဖရိကနှင့် အရှေ့တောင်အာရှနိုင်ငံများက ထိပ်ဆုံးတွင်ရှိနေရာ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အောင်မြင်ပြည့်မြောက်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ယာဉ်စီးရေနှင့် ယာဉ်သုံးစွဲမှုတို့ တိုးတက်များပြားလာနေပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကလည်း ကြီးထွားလာနေခြင်းကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် ဆယ်စုနှစ်အလိုက် စီမံချက်များချမှတ်၍ ဟန့်တားထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဒုတိယဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကိုအကောင်အထည်ဖော်လျက်ရှိရာ စီမံချက်၏ နောက်ဆုံးနှစ်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှု၏ အခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် သေဆုံးမှု၏ ထက်ဝက်သို့လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုများကို စနစ်တကျစောင့်ကြည့်အရေးယူခြင်း၊ ပြည်သူများအား အသိပညာပေးခြင်းနှင့် အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ၊ ရှေးဦးပြုစုခြင်းများကို သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း စသည်တို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစီမံချက်အောင်မြင်ရန် အပတ်တကုတ်အားထုတ်ကြရပါမည့်အကြောင်း။ ။

HOT NEWS
January 4,