ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / January 22, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အင်းစိန်ဈေးအတွင်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်နေ နေအောင်ဝင်း(၃၉)နှစ်အား ၎င်း၏လက်ကိုင်ဖုန်းအတွင်း နှစ်လုံးထီ လောင်းကစားပြုလုပ်ထားသည်ကို တွေ့ရှိရပြီး လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် နေအောင်ဝင်း အား အင်းစိန်မြို့မရဲစခန်း (ပ)၄၂/၂၀၂၆၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက လောင်းကစားသတင်းအရ ပေါင်မြို့နယ်၊ ကော့ကရင်ကျေးရွာနှင့် ဒေးကင်းကျေးရွာ သွားလမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် ဒေးကင်းကျေးရွာနေ ဒေါ်ခင်ခင်သူ(ခ)မိသူ(၄၈)နှစ်အား လမ်းလျှောက် လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ခင်ခင်သူ(ခ)မိသူ အား ပေါင်မြို့မရဲစခန်း (ပ)၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း။
ထို့အတူ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ ဒေါ်ဇင်မာဝင်း (၄၆)နှစ်၏နေအိမ်ဈေးဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဈေးဆိုင်အတွင်းမှ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇင်မာဝင်း အား ဘီးလင်းမြို့မရဲစခန်း (ပ)၁၉/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
