ရန်ကုန်တိုင်း‌ဒေသကြီး၌ 2025 New Year Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၌ 2025 New Year Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ


Ministry of Information/ Naypyitaw / January 01, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၃၁

ခရစ်နှစ် ၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကို ပြည်သူများက ပျော်ရွှင်စွာ ကြိုဆိုကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ယနေ့မွန်းလွဲပိုင်းမှစတင်၍ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် နှစ်သစ်ကိုကြိုဆိုရန် ပြည်သူ့ရင်ပြင်သို့ ရောက်ရှိလာကြပြီး နှစ်သစ်ကူးပြောင်းမည့်အချိန် အခိုက်အတန့်ကို စောင့်မျှော်ကာ ဖျော်ဖြေပွဲများတွင် ပါဝင်ဆင်နွှဲကြသည်မှာ အထူးစည်ကားလျက်ရှိသည်။

ထို့ပြင် လျှပ်စစ်မီးများဖြင့် ထွန်းလင်းတောက်ပလျက်ရှိသည့် ထေရဝါဒဗုဒ္ဓသာသနာ၌ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာနိုင်ငံသာမက ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို နှစ်သစ်ကူးပွဲတော်လာဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် ဖူးမြော်ကြည်ညိုပြီး ပြည်သူ့ရင်ပြင်ရှိ ရောင်စုံမီးလုံး မီးဆိုင်းများအောက်၌ တပျော်တပါး ပျော်ရွှင်စွာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကြသည်မှာ စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းလှသော နှစ်သစ်ကြိုညတစ်ညပင်ဖြစ်သည်။

ပြည်သူ့ရင်ပြင်အလယ်ရှိ 2025 New Year Countdown Festival ဖျော်ဖြေရေးမဏ္ဍပ်၌လည်း နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က မြူးကြွစွာ သီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့သည်။

နှစ်သစ်ကူးပွဲတော် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်း ဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

ထို့နောက် ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးချိန်ဖြစ်သည့် ည ၁၂ နာရီမထိုးမီနှစ်ကူး Countdown ကို တပျော်တပါး ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကိုပျော်ရွှင်စွာ ကြိုဆိုကြသည်။

ပွဲတော်သို့ လာရောက်ရာတွင်လည်း မော်တော်ယာဉ်ဖြင့် အခမဲ့အသွားအပြန်ပို့ဆောင်ပေးထားသဖြင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာဖြင့် အထူးစည်ကားစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ဇော်မင်းလတ် -MNA