ရှမ်းပြည်နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်
ရှမ်းပြည်နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်
Ministry of Information/ Naypyitaw / September 27, 2025
တောင်ကြီး စက်တင်ဘာ၂၆
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော ကလေးသူငယ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးများ ထောက်ပံ့ငွေများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေကျပ် ၃၄၉၃ ဒသမ ၅၄၂ သန်း ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။
ယင်းနောက် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၅၀၂၇ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ငွေကျပ် ၂၉၃ ဒသမ ၁၃၀ သန်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင် ၁၀၆၄၂ ဦးနှင့် ၎င်းတို့ မှမွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေး ၁၈၄၈၄ ဦး စုစုပေါင်း ၂၉၁၂၆ ဦးအတွက် ငွေကျပ် ၂၇၁၅ ဒသမ ၇၀၅ သန်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့အတွက် ထောက်ပံ့ကြေးငွေကျပ် ၄၈၄ ဒသမ ၇၀၇ သန်းကို ပြည်နယ် ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ၅၀၂၇ ဦး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေး ၂၉၁၂၆ ဦးနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၃၃၂၄ ဦး စုစုပေါင်း ၃၇၄၇၇ ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၃၄၉၃ ဒသမ ၅၄၂ သန်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ ညောင်ဖြူစခန်း ရပ်ကွက် နယ်မြေ (၆) ဒေါနလမ်း ရှိ ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ပြီး ဘိုးဘွားများအား ပြုစုစောင့်ရှောက်သူများအနေဖြင့်လည်း သက်ကြီးများ၏ သဘောသဘာဝကို သိရှိနားလည်ပြီးပြုစု စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဖွင့်လှစ်လျက်ရှိသည့် care giver သင်တန်းကိုလည်း အဆင်ပြေသည့်အချိန်တွင် တက်ရောက်ပေး စေလိုပါကြောင်း၊ ဘိုးဘွားများအား သက်ရှည်ကျန်းမာသည့်ဘဝ ရရှိနိုင်စေရန်နှင့် သက်ကြီးများနှင့် သင့်လျော်သည့် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးရန် လိုအပ်ပါကြောင်း ရိပ်သာရှိ တာဝန်ရှိသူများ အား ပြောကြားသည်။
ထို့နောက် ဘိုးဘွားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဘိုးဘွားများအတွက် Ageing Dignity Kits များနှင့် စားစရိတ်တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ရှမ်းရိုးမဘိုးဘွားရိပ်သာတွင် အဘိုး ငါးဦး၊ အဘွား ၁၇ ဦး စုစုပေါင်း ၂၂ ဦး စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
