ဟုမ္မလင်း၊ လွိုင်ကော်၊ ရေတာရှည်၊ မတ္တရာနှင့် ငါန်းဇွန်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်

ဟုမ္မလင်း၊ လွိုင်ကော်၊ ရေတာရှည်၊ မတ္တရာနှင့် ငါန်းဇွန်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / May 08, 2023
ရေတာရှည်မြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးမှု။


      တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

      ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မေလ ၄ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ခေါက်ငိုးကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၄ ဦးတို့ဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးမောင်လွင်(၄၁)နှစ် (ဘ)ဦးသာဖေသည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်မိုးကြည် (၄၃)နှစ် (ဘ)ဦးမောင်ပို၊ သမီးဖြစ်သူ မရွှေကုဋေခိုင်(၁၁)နှစ်၊ သားဖြစ်သူ မောင်စိုင်း(၃)နှစ်၊ တစ်ရွာတည်းနေ ဦးသိန်းထွေး(၄၂)နှစ် (ဘ)ဦးအောင်မှတ်၊ မောင်အောင်ကောင်းမြတ် (၁၁)နှစ် (ဘ)ဦးဟန်မင်းသူ၊ မောင်အောင်ထက်ပိုင် (၈)နှစ် (ဘ)ဦးအိုက်စိုး တို့နှင့်အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်လွင်ပါ ၇ ဦးတို့တွင် သေနတ်၊ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

      အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာနေ ကိုကြယ်ဖုန်း(ခ)စိုးသန်း (၃၃)နှစ် (ဘ)ဦးကြန်အောင်သည် ၎င်း၏နေအိမ်မှ ကွမ်းရွက်ခူးရန် ထွက်ခွာလာစဉ် အဆိုပါကျေးရွာအပြင်ဘက် လယ်ကွင်းအနီးရှိ ကွမ်းခြံအရောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုကြယ်ဖုန်း (ခ) စိုးသန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

      အလားတူ ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကွင်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအုန်းသန်း (၆၆)နှစ် (ဘ)ဦးထွန်းရှင်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခင်ဆန်းဝင်း(၄၅)နှစ် (ဘ)ဦးသောင်းရီနှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအုန်းသန်းနှင့် ဒေါ်ခင်ဆန်းဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မနွယ်နွယ်စိုး(၃၇)နှစ် (ဘ)ဦးအုန်းမောင်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူအမျိုးသား ၇ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေးဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် မနွယ်နွယ်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ မေလ ၅ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် မတ္တရာမြို့နယ်၊ ဘုရားဖြူကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကြည်မင်း(၅၆)နှစ် (ဘ)ဦးညိုသည် ၎င်း၏နေအိမ်နှင့် တွဲလျက်ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် အကြမ်းဖက်သူအမျိုးသား ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကြည်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ နံနက် ၈ နာရီ ၅ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်သန်းဇော် (၅၁) နှစ် (ဘ)ဦးကြည်ညွန့်သည် ငါန်းမြှာကျေးရွာအတွင်းရှိ လက်ဖက်ရည်ဆိုင်မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ထွက်ခွာလာစဉ် နေအိမ်နှင့် ကိုက် ၂၀ ခန့်အကွာအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်သန်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,