အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်


Ministry of Home Affairs/ နေပြည်တော် / July 09, 2023


    အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာ နေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာ ဝန်ရှိသူ များအား  ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာ နေသော လမ်းမကြီးများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ် မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိ ပါသည်။
    ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ HK Mobile ဖုန်းဆိုင်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး‌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖုန်းဆိုင်၏ ဝန်ထမ်းဖြစ်သူ အဆိုပါရပ်ကွက်နေ ကိုသက်နိုင်ထွေး (၃၂) နှစ် (ဘ) ဦးသိန်းဆွေတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွန်းရွာသစ်ကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ မသင်းသင်းဟန်(၁၈)နှစ် (ဘ)ဦးသစ်လွင်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ လယ်တောသို့ ခြေလျင်သွားရောက်စဉ် လမ်း၏ဝဲဘက်မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ် မိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မသင်းသင်းဟန်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပွင့်အေးမြိုင်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးတင်ဝင်း (၅၈) နှစ်သည် ၎င်း၏နေအိမ်မှ မျှစ်ချိုးရန် သွားရောက်စဉ် ပုညရှင်ဘုန်းကြီး ကျောင်း၏တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာအရောက်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးတင်ဝင်းတွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
    အလားတူ ည ၇ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်တွဲလွဲ ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ နတ်ကြီးရှမ်းစုကျေးရွာနေ ကိုဇော်ဝင်း(၃၀)နှစ် (ဘ)ဦးဝင်းလှိုင်သည် နတ်ကြီးရှမ်းကွင်း ကျေးရွာမှ ၎င်း၏နေအိမ်သို့ တောလမ်းအတိုင်း ခြေလျင်ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး အား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကိုဇော်ဝင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသ နိုင်ရေး သထုံမြို့၊ ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။