အုတ်ဖို၊ ပုသိမ်ကြီး၊ ဆိပ်ဖြူနှင့် ညောင်လေးပင်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
အုတ်ဖို၊ ပုသိမ်ကြီး၊ ဆိပ်ဖြူနှင့် ညောင်လေးပင်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / June 09, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်း များအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးစိုးမြင့် (၆၅)နှစ် (ဘ) ဦးသန်းလှိုင်သည် တစ်ရွာတည်းနေ မအေးလေး (၃၅)နှစ် (ဘ) ဦးသာဒိုး၏ ကွမ်းယာဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆည်တာကျေးရွာ၏အရှေ့ဘက် ဆည်တာ-မင်းရဲလှကျေးရွာချင်းဆက်လမ်းပေါ်၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး (စိစစ်ဆဲ)တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသာအေးကျေးရွာ၏မြောက်ဘက် ဆိပ်ဖြူ-ဆောသွားကားလမ်းဘေးရှိ လယ်ကွင်းအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေဝမ်း (၅၈)နှစ် (ဘ) ဦးကြွက် သည် ၎င်း၏တူဖြစ်သူ ကိုအောင်မျိုးထွေးနှင့်အတူ အခင်းဖြစ်နေရာရှိ လယ်ကွင်းအတွင်း နွားစာရိတ်နေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအေဝမ်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန်လ ၅ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ကွင်းဒလလေးကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်မျိုးနိုင် (၅၀)နှစ် (ဘ) ဦးပေါက်စ (ခ) ဦးမောင်ရီသည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
