၀င်းသိင်္ဂီထွန်း၏ ချေပဂိုးဖြင့် မြန်မာအမျိုးသမီးအသင်း ထိုင်းကို သရေကစား

၀င်းသိင်္ဂီထွန်း၏ ချေပဂိုးဖြင့် မြန်မာအမျိုးသမီးအသင်း ထိုင်းကို သရေကစား


Ministry of Information/ Naypyitaw / May 14, 2022
image_latest


ရန်ကုန် မေ ၁၃

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို မေ ၁၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာနှင့်ထိုင်းအသင်း တစ်ဂိုးစီသရေကျ ခဲ့သည်။

အဖွင့်ပွဲတွင် ဂိုးပြတ်အနိုင် ရထားသဖြင့် ယခုပွဲတွင် အနိုင်ရသည့်အသင်းမှာ အုပ်စုပထမ နေရာရယူနိုင်မည် ဖြစ်သောကြောင့် နှစ်သင်းစလုံး ကြိုးစား ခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၇၀ ကျော်အထိတစ်ဂိုးဖြင့် အရေးနိမ့်နေသော် လည်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၏ ချေပဂိုးကြောင့် သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် မေဇင်နွယ် (ဂိုး)၊ အေးအေးမိုး၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ ထိုင်းအသင်းကလည်း အမာခံကစားသမား အစုံအလင် ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ကစားခဲ့သည်။ ထိုင်းအသင်းသည် ပွဲစကတည်းက ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပြီး ၁၃ မိနစ်တွင် မာခ်ရစ်က ပယ်နယ် တီ ဧရိယာထိပ်မှ ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း တိုက်စစ်ကစားပုံမှာ လိုအပ်ချက်များရှိနေသဖြင့် ချေပဂိုးပြန်မသွင်းနိုင်ဘဲ ပထမပိုင်းအပြီးတွင် ထိုင်းအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရန်ကြိုးပမ်းခဲ့သဖြင့်ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ထိုင်းအသင်းက ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် မြန်မာအသင်း သက်သာခဲ့ရသည်။ ၇၆ မိနစ်တွင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက သရေရလဒ်ကို ထိန်းကစားခဲ့ပြီး ပွဲပြီးခါနီးတွင် ထိုင်းအသင်း အပိုင်ကန်သွင်းခွင့်ရသော်လည်း မြန်မာ ဂိုးသမား မေဇင်နွယ် ကာကွယ်နိုင်သဖြင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

အုပ်စု (ခ) ဒုတိယနေ့အပြီးတွင် မြန်မာနှင့် ထိုင်းအသင်းက လေးမှတ်စီ၊ စင်ကာပူ အသင်းက သုံးမှတ်ရထားပြီး လာအိုအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မေ ၁၅ ရက်တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

  ရဲရင့်လွင်

HOT NEWS
January 4,