၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်း ပါကစ္စတန်ကို အနိုင်ရ
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်း ပါကစ္စတန်ကို အနိုင်ရ
Ministry of Information/ Naypyitaw / June 11, 2025
ရန်ကုန် ဇွန် ၁၀
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(E)ဒုတိယပွဲအဖြစ် မြန်မာအသင်းနှင့် ပါကစ္စတန်အသင်းသည် ဇွန် ၁၀ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာဘောလုံးပရိသတ်များ၏ တစ်ခဲနက်လာရောက်အားပေးမှုနှင့်အတူ မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ကွင်း၌ ပါကစ္စတန်အသင်းကို အနိုင်ကစားခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် နှစ်ပွဲဆက်အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ရန်အခွင့်အရေး ပိုကောင်းလာခဲ့သည်။ ပါကစ္စတန်အသင်းမှာမူ နှစ်ပွဲဆက်အရှုံးကြောင့် လာမည့်ပွဲများတွင် ရုန်းကန်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းသည် ဇင်ညီညီအောင်(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ သီဟထက်အောင်၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ဇော်ဝင်းသိန်း၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပါကစ္စတန်အသင်းကလည်း ခံစစ်အသားပေးကာ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်။
ပထမပိုင်းတွင် မြန်မာအသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေးသုံးကြိမ်ထက် မနည်းရသော်လည်း ၄၁ မိနစ်တွင် သန်းပိုင်သွင်းယူသည့် ဂိုးသာရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ကတည်းက အနိုင်ရနေခြင်းဖြစ်သည်။
ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး အခွင့်အရေးကိုယ်စီရသော်လည်း အသုံးမချနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(E)တွင် မြန်မာအသင်းက နှစ်ပွဲကစားခြောက်မှတ်ရထားပြီး ပါကစ္စတန်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
အဝေးကွင်းကစားရမည်
မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် အောက်တိုဘာ ၉ ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး
