၂၇-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း

၂၇-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း


Office of the Auditor General of the Union/ NPT / July 30, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဒေါက်တာခင်နိုင်ဦး၊ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ရုံးချုပ်နှင့်ပြည်ထောင်စုနယ်မြေမှ ကျောင်းသား မိဘများနှင့် ကျောင်းသားကျောင်းသူများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက Online မှ လည်းကောင်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက နိုင်ငံတော်၏တာဝန်များကို အနာဂတ်တွင် လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် အချက်တစ်ခုဖြစ်သည့် အရည်အချင်းပြည့်ဝသော ပညာတတ်လူငယ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထားအားပေးကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အသိပညာ ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်လူငယ်လူရွယ်များ တိုးပွားများပြားစေရေး ၊ ကျောင်းနေအရွယ်ကလေးများ အားလုံးစဉ်ဆက်မပြတ် ပညာသင်ယူမှု အခွင့်လမ်းရရှိစေရေးတို့ကို အထူးအလေးပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို အမှန်နှင့်အမှား ၊ အကောင်းနှင့်အဆိုးကို စဥ်းစားဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့သားကောင်းပညာတတ် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပညာပြည့်ဝ၍ ကိုယ်ကျင့်တရားကောင်းမွန်စွာ ပြုမှုနေထိုင်ခြင်းဖြင့် မိသားစု၏ဂုဏ် ၊ ပညာသင်ကြားခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်း၏ ဂုဏ်ဆောင်နိုင်ခြင်းမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော စွမ်းဆောင်ရည်မြင့်မားသည့် လူငယ် များဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက ထူးချွန်ဝန်ထမ်းသားသမီးများဖြစ်သည့် ဘာသာစုံဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄) ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄) ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် (၅) ဦး နှင့် ရိုးရိုးအောင်မြင်သူ (၃၂) ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ တက်ရောက် လာသည့် ကျောင်းသား ကျောင်းသူများနှင့် Online မှ တက်ရောက်သည့် ကျောင်းသား ကျောင်းသူများ ကိုယ်စားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက လက်ခံခဲ့ကြသည်။

ထို့နောက် ဆုရကျောင်းသားကျောင်းသူများကိုယ်စား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦး၏ သမီးဖြစ်သူ ငါးဘာသာဂုဏ်ထူးရှင် မရွှေယမင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရုံးချုပ်၊ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၂၃) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၂) ဦးတို့ အား ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီရန်ပုံငွေတို့မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်် ခဲ့ပါသည်။