''ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)'' ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဇာတ်ညွှန်းဆိုင်ရာဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
''ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)'' ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဇာတ်ညွှန်းဆိုင်ရာဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ
Ministry of Information/ yangon / December 16, 2018
ရန်ကုန် ဒီဇင်ဘာ ၁၅
မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဇာတ်ညွှန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ '' ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)'' ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅ဝ ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ Film Development Center (FDC)၌ ကျင်းပသည်။
ဇာတ်ညွှန်း Lမင်းပြည့်မွန်က ''ဆွေးနွေးပွဲလုပ်တာ အခု ဆိုရင် လေးကြိမ်ရှိပါပြီ။ ပါဝင်မယ့်သူတွေ ကိုတော့ အလျဉ်းသင့် သလို ရွေးချယ်တယ်။ ဒီနေ့မှာတော့ လူတွေစိတ်ဝင်စားမှုများနေ တဲ့ ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဇာတ်ညွှန်း ဆိုတာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။ ကျွန်တော်တို့ဆီမှာ ဇာတ်ညွှန်းဟာ မှေးမှိန်နေတာတွေရှိတယ်။ ဒါကြောင့် အခုလိုပွဲတွေလုပ်ပြီး ဇာတ်ညွှန်းတွေ အားကောင်း လာအောင် လုပ်ဆောင်နေတာပါ''ဟု ပြောသည်။
ဆွေးနွေးပွဲတွင် ''ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)'' ခေါင်းစဉ်ဖြင့် လတ်တလောပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်နေသည့် ''မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းနှင့် ပတ်သက်၍ အဆိုပါဇာတ်ကား၏ ဒါရိုက်တာ ဩရသ၊ ဇာတ်ညွှန်း လွင်မင်းအံ့တို့နှင့်အတူ ဇာတ်ညွှန်း Lမင်းပြည့်မွန်တို့က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်း မှုများအပေါ် ပြန်လည်ဖြေကြားကြသည်။
ဒါရိုက်တာ ဩရသက ''ဒီနေ့မှာတော့ ''မုန်းစွဲ '' ဇာတ်ကား နဲ့ပတ်သက်ပြီး ဇာတ်ညွှန်းအဆင့်မှာ ဘယ်လိုအဆင့်ဆင့် ဖြတ်သန်းခဲ့ရတယ်။ ရိုက်ကူးတဲ့အချိန်မှာလည်း Location နဲ့ အနေအထားတွေအရ ဇာတ်ညွှန်းလေးတွေကို ဘယ်လို ပြန်ပြင်ဆင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေ၊ အတွေ့အကြုံတွေ ကို ပြန်လည်မျှဝေပေးတာပါ။ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးတော့ အလေးအနက်ထားပြီး လုပ်လာကြတဲ့အတွက် ဇာတ်ညွှန်း ရေးတာ ဝါသနာပါတဲ့ နောက်မျိုးဆက်သစ်လူငယ်တွေအတွက် အများကြီးကောင်းတယ်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်''ဟု ပြော သည်။
ထို့အတူ ဇာတ်ညွှန်းသည် သရုပ်ဆောင်များအတွက် အရေးကြီးကြောင်း၊ ဇာတ်ညွှန်းကောင်းမွန်မှုကြောင့် သရုပ် ဆောင်မှုအပိုင်းကိုလည်း အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ''မုန်းစွဲ'' ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့ရာတွင် ဇာတ်ညွှန်း ပိုင်းကို သိရှိခဲ့သော်လည်း ယနေ့ဆွေးနွေးမှုများကြောင့် ဇာတ်ညွှန်းရေးသည့်အပိုင်းကိုလည်း သိရှိခဲ့ရကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် မိမိအတွက် များစွာအထောက်အကူဖြစ်ကြောင်း သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဆိုသည်။
ယင်းကဲ့သို့ဆွေးနွေးပွဲများကို ရက်သတ္တပတ် နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် စနေနေ့တိုင်း ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၃ ရက်တွင် ပထမအကြိမ်အဖြစ ္''ရုပ်ရှင်နှင့် မြန်မာ့ဟန်'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ''ဇာတ်ညွှန်းနှင့်ရင်းနှီးမြှုပ်နှံမှု'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်တွင် တတိယကြိမ်အဖြစ် ''ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၁)'' ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး ယနေ့တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ ရုပ်ရှင်ပညာကို စိတ်ဝင်စားသည့် လူငယ်များနှင့် ပြင်ပရုပ်ရှင်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ဝါသနာရှင်များ တက်ရောက်ကြသည်။
ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်